စစ်​ကောင်စီတပ်

September 30, 2021

သရက်ချောင်းတွင် စစ်​ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၁ ဦး၏ နေအိမ်ကို မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်​ချောင်းမြို့နယ်၊ သဲ​ချောင်းကြီးရွာ​မှာ အပြစ်မဲ့ ပြည်သူတဦးရဲ့ ​နေအိမ်ကို စစ်ကောင်စီတပ် အင်အား ၂၀ လောက်က စက်တင်ဘာ ၂၉ ရက်ည ၁၂ လောက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သဲချောင်းကြီးရွာမှာ ညဘက် PDF ပုံစံ အရပ်ဝတ်တွေနဲ့ သွားလာလှုပ်ရှားနေကြပြီး နေအိမ်တွေမှာ ဝင်ရောက် ရှာဖွေတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “PDF တွေပုံစံနဲ့ ရွာမှာ သူတို့က လိုက်ပြီး သွားလာလှုပ်ရှားနေကြတာ။ မနေ့ညကလည်း ဒလန်သတင်းပေးကြောင့် ဘာမှအပြစ်မရှိတဲ့ ကိုဝင်းလှိုင်ဦးနဲ့မချိုလွင်​ထွေးတို့ရဲ့ နေအိမ်ကို အကြောင်းမဲ့ မီးရှို့သွားကြတယ်။”

စစ်ကောင်စီတပ်တွေဟာ နေအိမ်အပြင် အိမ်နဲ့ကပ်လျက် ဆောက်ထားတဲ့ ပရိ​ဘောဂအလုပ်ရုံ​ကိုလည်း မီးရှို့ဖျက်ဆီးပစ်ခဲ့ကြပြီး ဒီနေ့မနက် ၃ နာရီ  လောက်မှာ ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက ကားတစီးနဲ့ ဆိုင်ကယ်တစီးကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက အဲဒီနေအိမ်ကို ဘာကြောင့် မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာ မသိရကြောင်း၊ လက်ရှိမှာ မီးရှို့ခံရတဲ့ အိမ်ရှင်လင်မယားအပါအဝင် ကျေးရွာတွင်းက ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။ 

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတာပါ။

4 weeks Ago
Up