စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကွက်တဲ့လှုပ်ရှားမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံစတဲ့ စက်မှုဇုန်တွေက စက်ရုံလုပ်သား သောင်းနဲ့ချီပြီး ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်က ပူးပေါင်းပါဝင်လာပါတယ်။
ဒီကနေ့မှာတင်ပါဝင်လာတဲ့ အလုပ်သမားအဖွဲ့စည်းအသီးသီးရဲ့ အဖွဲ့ဝင် စက်ရုံအရေ အတွက်က ၁၅ ရုံအထက်မှာရှိနေပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးက စက်ရုံအလုပ်ရုံတွေပါ ဝင်လာဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေ ဆီကသိရပါတယ်။
တပ်မတော်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။
အဓိက အခြေခံစားကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းက တစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၂၀၀၀ ကြားဈေးမြင့်တက်ခဲ့တာပါ။
စားသုံးဆီ ဈေးကွက်မှာလည်း နှမ်းဆီနဲ့ပဲဆီဈေး တည်ငြိမ်နေပေမဲ့ စားအုန်းဆီဈေးနှုန်းက တစ်ပိဿာကို ကျပ် ၁၀၀ ဝန်းကျင် ဈေးမြင့်တက်ခဲ့ပါတယ်။
အလားတူ အာလူးနဲ့ ကြက်သွန်ဖြူ၊ ဈေးနှုန်းတွေကလည်း တစ်ပိဿာကို ကျပ် ၅၀ ကနေ ၂၀၀ အကြား ဈေးမြင့်တက်ခဲ့ကြောင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးနှုန်းတွေအရ သိရပါတယ်။
ငရုတ်ဈေးနှုန်းတည်ငြိမ်နေတာတွေ့ရပြီး၊ ကြက်သွန်နီဈေးနှုန်းကတော့ ပြည်တွင်း ဝယ်ယူမှုမြင့်တက်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက် အတွင်း တစ်ပိဿာ ကျပ် ၅၀ ကနေ ၁၅၀ ထိဈေးမြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ ပြန်လည်ဈေးကျဆင်းသွားခဲ့ပါတယ်။
လတ်တလောနိုင်ငံရေး အခြေအနေကြောင့် ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ ပြည်သူတွေက စိုးရိမ်တကြီး ဝယ်ယူစုဆောင်းခဲ့တာကြောင့် အခြေခံစားသောက်ကုန်တချို့ ဝယ်လိုအားများပြီး အနည်းငယ်ဈေးမြင့်တက်ခဲ့တာလို့ ကုန်သည်တွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် နောက်ပိုင်းမှာတော့ အခြေခံစားကုန်တချို့ ဈေးပြန်လည်ကျဆင်းလာတာတွေ့ရပေမဲ့ တချို့ စားကုန်တွေကတော့ အတက်ဈေးမှာပဲ ဆက်ရှိနေတာပါ။
ဈေးကွက်အတွင်း ကုန်စည်စီးဆင်းမှုတွေကတော့ လက်ရှိအချိန်မှာ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်းများအသင်းက သိရပါတယ်။