စစ်အာဏာရှင် အလိုမရှိ

February 10, 2021

ညောင်လေးပင်မြို့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ပြည်သူ သောင်းချီ ဆန္ဒဖော်ထုတ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဖေဖော်ဝါရီ၁၀ ရက် မနက် ၉ နာရီက စတင်ပြီး စစ်အာဏာရှင်စနစ်အလိုမရှိတဲ့ အကြောင်း သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ ဆန္ဒထုတ်​ဖော်​နေ​ကြပါတယ်။

ဒီနေ့ဆန္ဒ​ပြတာဆိုရင် စစ်အာဏာသိမ်းပြီးနောက် စတုတ္တအကြိမ် ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။

ညောင်လေးပင်မှာ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ဆိုင်ကယ်တွေနဲ့စတင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လူထုအင်အား သုံးသိန်းကျော်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြကာ ဒီနေ့  ဆန္ဒပြမှုမှာတော့  ဆိုင်ကယ်ကားတွေနဲ့ မြို့အနှံ့ လှည့်လည် ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာ စစ်ကြောင်းနှစ်ခုခွဲကာ ​ကျောင်းသားလူငယ်​တွေအများစုပါဝင်​ပြီး ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ ဆရာဆရာမတွေလည်း ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြရာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့တွေ၊ တပ်မတော်ဘက်က တားမြစ်တာ မရှိသေး​ပေမယ့် ရဲတပ်ဖွဲ့ဝင်တချို့က​တော့ အရပ်ဝတ်နဲ့ ဓာတ်ပုံမှတ်တမ်းလိုက်ယူ​ကြတာ ရှိ​ကြပါတယ်၊။

သတင်း - နေလင်းထိုက်

2 years Ago
Up