စစ်အာဏာရှင်အမြစ်ဖြုတ်တိုက်ဖျက်ရေး

April 5, 2021

စစ်အာဏာရှင်အမြစ်ဖြုတ်တိုက်ဖျက်ရေးအတွက် မန္တလေးတွင် အထွေထွေ သပိတ်တပ်ပေါင်းစု ဖွဲ့စည်း ဆန္ဒပြ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဓိကရည်ရွယ်ပြီး မန္တလေးမှာ သပိတ်စစ်ကြောင်း ၂၀ ပူးပေါင်းကာ  အထွေထွေ သပိတ်တပ်ပေါင်းစုတစ်ခုကို ဧပြီလ ၄ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

ဒီသပိတ်တပ်ပေါင်းစုကနေ ဒေသအလိုက် သပိတ်ကော်မတီများဖွဲ့စည်းရေး၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူများကို ကူညီရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် လူထုသပိတ်တိုက်ပွဲများစုပေါင်းဖော်ဆောင်နိုင်ရေး၊ တိုက်ပွဲအရှိန်အဟုန် ထိန်းညှိနိုင်ရေး၊ လူထုလှုပ်ရှားမှုများကို စုပေါင်းကိုယ်စားပြုရေးတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သပိတ်တပ်ပေါင်းစုမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ သပိတ်စစ်ကြောင်းတွေ ၊ ဘုရားကြီးငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ မြန်မာ-မွတ်စလင်အဖွဲ့၊ ဟိန္ဒူဘာသာဝင်အဖွဲ့၊ ဥပဒေအထောက်အကူပြုအဖွဲ့တွေ ပါဝင်ကြပါတယ်။

နိုင်ငံတော်အာဏာသိမ်းခံရပြီးနောက် ဖေဖော်ဝါရီ ၆ ရက်ကစပြီး နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ကိုယ့်အစုအဖွဲ့အလိုက် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း ပုံစံအမျိုးမျိုးနဲ့ သပိတ်စစ်ကြောင်းတွေ ဆက်လက် လမ်းပေါ်ထွက်ဆန္ဒပြနေကြပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ နေရာအနှံ့မှာရှိနေပေမယ့် ဧပြီလ ၅ ရက် ဒီနေ့ မနက်ပိုင်းကလည်း  စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် စစ်ကြောင်းတွေပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ဆန္ဒပြရာမှာ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ် ကြောင်း၊ ပညာရေးမိသား စုသပိတ်စစ်ကြောင်း၊ မန္တလေးကျူရှင်ဆရာများစစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ အ-ထ-က(၇) ကျောင်းသူ/သား ဟောင်းများအဖွဲ့တို့ ပါဝင်ခဲ့ကြပါတယ်။

8 months Ago
Up