မကွေးတိုင်း မြိုင်မြို့နယ်အရှေ့မြောက်ပိုင်းဇုန်မှာ ဇွန် ၂၅ ရက်မနက်ပိုင်းက မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ ပြည်သူလူထု ပူးပေါင်းကာ စစ်အာဏာရှင် ပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စု ကျဆုံးတဲ့အထိ ပြည်သူ့အားနဲ့ ဝိုင်းဝန်းတိုက်ထုတ်ကြဖို့ တိုက်တွန်း ထားတဲ့ ဗီနိုင်းတွေကိုင်ဆောင်ပြီး ကြွေးကြော်ချီတက်ခဲ့ကြသလို့ ဒီမိုကရေစီရရှိတဲ့အထိ နည်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်သွားမယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ သက်ဆိုင်ရာ ဇုန်အလိုက် နေစဉ်ရက်ဆက် ဆိုင်ကယ်သပိတ်၊ လမ်းလျှောက်သပိတ်၊ အထိုင်သပိတ်တွေပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြကာ နည်းပေါင်းစုံနဲ့ တော်လှန်နေကြတယ်လို့ သိရပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ် မြောက်ပိုင်းဇုန်မှာ ဇွန် ၂၁ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် လူဦးရေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။
အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ မြောက်ပိုင်းဇုန်မှာရှိတဲ့ ဒေသခံပြည်သူ ရာနဲ့ချီ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် နေ့စဉ်ရက်ဆက် အလံမလိပ်၊ အသံမတိတ်ဘဲ ချီတက်ဆန္ဒပြနေတာလို့ သပိတ်ကော်မတီ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မတ် ၁၁ ရက်က မြိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်လို့ ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ၆ ယောက်အပါဝင် နိုင်ငံတစ်ဝှမ်း ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် တော်လှန်သွားမယ်လို့ ဆိုပါတယ်။
လမ်းပေါ်က သပိတ်တိုက်ပွဲ၊ CDM တိုက်ပွဲနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PDF) တို့ ဟန်ချက်ညီညီ တော်လှန်ပါက မကြာခင် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချနိုင်မယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။