စစ်အာဏာရှင်ဆန့်ကျင်မှု

March 2, 2021

သံတွဲမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှုဖြင့် ဖမ်းခံထားရသူ ၄ ဦးကို တရားရုံးမထုတ်ဘဲ တရားစွဲ

စစ်အာဏာရှင်ကို ဆန့်ကျင်လို့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖမ်းခံထားရတဲ့ လူ ၄ ယောက်ကို မနေ့က မတ် ၁ ရက်မှာ တရားရုံးကို မထုတ်ဘဲ တရားစွဲဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ ရှေ့နေ ၄ ယောက်လုံးက အာမခံပေးဖို့ လျှောက်လဲခဲ့ပေမဲ့ တရားသူကြီးက အာမခံ မပေးခဲ့ဘူးလို့ တရားခွင်ကို သွားရောက်ခဲ့သူက ပြောပါတယ်။

“ဥပဒေအရာရှိက ဖမ်းခံရသူတွေကို ငြိမ်းစုစီ ပုဒ်မ ၁၉၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲဆိုတယ်။ ငြိမ်းစုစီက အာမခံပေးလို့ရပေမဲ့ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေကတော့ အာမခံပေးလို့ မရဘူးလို့ ဆိုတယ်။ မြို့နယ်တရားသူကြီးကတော့ လာမယ့် ၈ ရက်နေ့ ရုံးချိန်းမှာ အဆုံးအဖြတ် ပေးမယ်လို့ ဆိုပါတယ်။”

ရှေ့နေတွေက ဒီအမှုတွေဟာ သေဒဏ်ပေးရမဲ့ အမှုတွေမဟုတ်လို့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးဖို့ လျှောက်လဲခဲ့တယ်လို့ ပြောပါတယ်။ 

ပြီးတော့ ဖမ်းထားသူတွေကို ဘာကြောင့် ရုံးမထုတ်လဲ မေးတဲ့အခါမှာတော့ တရားသူကြီးက လုံခြုံရေးအရ၊ တရားရုံးကို လူအုပ်ကြီး ရောက်လာနိုင်တာကြောင့် ဖြစ်နိုင်တယ်လို့ ပြောခဲ့ပြီး ဖမ်းဆီးထားတာကို သူ့အနေနဲ့ အမိန့်ပေးထုတ်လို့ မရဘူးလို့လည်း ပြောခဲ့ပါတယ်။

အချုပ်ထဲမှာ ရှိနေတဲ့ သူတို့ကို ရှေ့နေတွေဟာ တရားရုံးကနေ အွန်လိုင်းကတဆင့် တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပါတယ်။ သူတို့ဟာ မိသားစုတွေနဲ့လည်း တွေ့ခွင့်မရတာကြောင့် တွေ့ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဖမ်းခံရသူ ၄ ယောက်ကတော့ မိန်းကလေး ၁ ယောက်၊ လူငယ် အမျိုးသား ၂ ယောက်နဲ့ လူကြီး အမျိုးသား ၁ ယောက်ဖြစ်ပါတယ်။ သူတို့ထဲက လူငယ် ၃ ယောက်ကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆန္ဒပြနေတုန်း ရဲတွေက လူစုခွဲဖို့ မပြောခင်မှာတင် စတင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ကို လွှတ်ပေးဖို့ ရဲစခန်းနားမှာ လူတွေစုရုံးတောင်းဆိုကြတုန်း မုန့်တွေ ရေတွေ ပေးဝေခဲ့တဲ့ သက်ကြီးပိုင်း အမျိုးသားတယောက်ကိုလည်း ထပ်ပြီး ဖမ်းဆီးခဲ့တာပါ။

9 months Ago
Up