စစ်အာဏာရှင်စနစ် ဖြုတ်ချရေး

February 8, 2021

စစ်အာဏာရှင်စနစ် ဖြုတ်ချရေး သိန်းနီမြို့တွင် ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်မြောက်ပိုင်း  သိန်းနီမြို့မှာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ​ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီခွဲကစပြီး ​လူထုအင်အား ၃၀၀ လောက် ပြည်ထောင်စုလမ်းမ​ကြီးအတိုင်း ငြိမ်းချမ်းစွာ စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အလားတူ စစ်အာဏာရှင်စနစ်ကို မလိုလာတဲ့ ပညာရေးဌာနက ဆရာ ဆရာမတွေကလည်း ဖဲကြိုးနီကမ်ပိန်းလှုပ်ရှားမှုကို တပြိုင်တည်း ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို မြို့ပေါ်ရပ်ကွက်နဲ့ မြို့နယ်အနီး ကျေးရွာက ဒေသခံပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ စစ်အာဏာဏရှင်စနစ်ကို မလိုလားတဲ့သူတွေက  ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

"ကျနော်တို့ စစ်အာဏာရှင်စနစ် မတရားလာသိမ်းပိုက်တာကို လုံးဝမကျေနပ်ဘူး။ မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာ "လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့ ကိုစိုင်းတေဇာက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ပြည်သူ့အာဏာကို ပြည်သူလက်ထဲ ပြန်လည်ရရှိရေး၊ စစ်အစိုးရ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်ပေါ်ထွန်းလာရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ဆန္ဒထုတ်ဖော်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တားဆီးနှောင့်ယှက်တာမရှိတဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ကျန်ရက်တွေမှာပါ ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဦးဆောင်သူက ပြောပါတယ်။

10 months Ago
Up