ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ ဇူလိုင် ၁၃ ရက် ညနေပိုင်းက စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်သူ ၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး ၇ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက်က လက်နက်တွေကိုင်ဆောင်ပြီး လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဆိပ်မူဒေသခံတယောက်က “ဆိပ်မူမှာ အမျိုးသမီး ၇ ဦးကို ဆန္ဒပြလို့ဆိုပြီး စစ်တပ်က လာဖမ်းသွားတာ။ စစ်သား အယောက် ၃၀ လောက် သေနတ်တွေနဲ့ လာဖမ်းသွားတာ။ ဘယ်ကိုဖမ်းခေါ်သွားလဲတော့ မသိရဘူး” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် နေ့စဉ်နီးပါး ဆန္ဒပြနေတာတွေကို စစ်ကောင်စီက လာရောက်ဖမ်းဆီးတာတွေရှိပြီး ထပ်မံဆန္ဒပြပါက နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ရက်ဆက် ပြုလုပ်နေတဲ့ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် မတ်လပိုင်းက ဆန္ဒပြသူ ၈ ယောက်ကို ဖမ်းဆီးပြီး သပိတ်ကို ဖြိုခွဲခဲ့ပေမယ့် နေ့စဉ်နီးပါး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေတဲ့မြို့ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက စစ်အာဏာရှင် ကျဆုံးရေး ဆန့်ကျင်ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်းက လူငယ်အယောက် ၄၀ ဖမ်း၀ရမ်းထုတ်ခံရတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၅ ရက်နေ့က ပူတာအိုအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့နဲ့ ဒေသခံလူကြီးတစ်ချို့က ပူတာအိုသပိတ်စစ်ကြောင်းက တက်ကြွလူငယ်များ အယောက် ၄၀ အား ဖမ်းဆီးဖို့ ဖမ်း၀ရမ်းထုတ်ခဲ့တာလို့ ဆိုပါတယ်။
ပူတာအိုမှာ ဝိုင်ဖိုင်လိုင်းနဲ့ PSI စလောင်းတွေ အကုန်ဖျက်သိမ်းပြီး သတင်းအမှောင်ချကာ တက်ကြွလူငယ်တွေအား မတရာဖမ်းဆီးဖို့ ကြံစည်ခဲ့တာဖြစ်ပြီး ဖမ်း၀ရမ်းထုတ်ခံရတဲ့ လူငယ်တချို့ အချိန်မီတိမ်းရှောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပူတာအိုသပိတ်စစ်ကြောင်းက မတရားဖမ်းဆီးခံရသူ ၆ ယောက်အနက် ဖမ်းဆီးထိန်းသိမ်းခံရသူ ကိုဆိုင်းလင်းအောင်က ဒီနေ့ချိန်ထိ ပြန်မလွတ်လာသေးကြောင်း သိရပါတယ်။