ပဲခူးမြို့ ခုတင် ၅၀၀ အထူးကုဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေကနေ စစ်အစိုးရ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ကြောင့် ဖေဖော်ဝါရီ ၂ ရက်နေ့က ဆန္ဒသဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း အသင်းတွေက တာဝန်မထမ်းဆောင်လိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်သမ္မတကို မတရားအာဏာသိမ်း ဖမ်းဆီးထားပြီး ခိုင်လုံမှုမရှိပဲစွပ်စွဲခဲ့မှုတွေအပေါ် ပဲခူးမြို့ပရဟိတ အသိုက်အဝိုင်းကနေ ရှုတ်ချတဲ့အနေနဲ့ ခုလိုသဘောထားထုတ်ပြန်တာလို့ ပဲခူး အထက ၅ Quantene Center က တာဝန်ခံ ကိုစိုးလွင်ကျော်နဲ့ အပြာရောင်လက်များအသင်း ပရဟိတအဖွဲ့က မအေးအေးနိုင်တို့က ပြောပါတယ်။
ပဲခူးမြို့က KZ Volunteer Team အသောက Quantine Center Team ရွှေညီကိုအသင်း၊ ကျွန်းသာယာလူငယ်အသင်း အပြာရောင်လက်များအသင်းနဲ့ မေတ္တာကမ်းလက်များအသင်းတို့က ပရဟိတ ညီကိုမောင်နှမတွေ ၃၀၀ ဝန်းကျင်လောက်ကလည်း အာဏာသိမ်းအစိုးရလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ကြောင်း ဖေဖော်ဝါရီ ၃ ရက်က သဘောထား ထုတ်ပြန်လိုက်တာပါ။
အာဏာသိမ်းစစ်အစိုးရက မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုမှုကို ဒီကနေ့ စတင်ကန့်သတ်ပိတ်ပင်လိုက်ပါတယ်။
ဖေ့စ်ဘွတ်ခ် အသုံးမပြုနိုင်ရေးအတွက်ဆက်သွယ်ရေးအော်ပရေတာတွေ၊ International Gateway ဆောင်ရွက်ခွင့်ရှိသူတွေ၊ ISP (Internet Service Provider)တွေအနေနဲ့ အကြောင်းကြားတဲ့အချိန်ကစပြီး ဖေဖော်ဝါရီ ၇ ရက် အထိပိတ်ထားဖို့ ညွှန်ကြားထားတဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့စာမှာ ဖော်ပြပါတယ်။
လက်ရှိကာလမှာ အဖျက်အမှောင့် လုပ်နေသူတွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အသုံးပြုပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့၊ အများပြည်သူကြား အထင်အမြင်လွဲမှား စေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ မဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ပင်တာလို့ဆိုပါတယ်။
ဒီမနက်ပိုင်းမှာတော့ အော်ပရေတာတချို့က ဖေ့စ်ဘွတ်ခ်ကို အသုံးပြုလို့မရအောင် စတင်ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဝန်ကြီးဌာနဘက်ကို ဆက်သွယ်လို့ မရသေးပါဘူး။ ဒီလိုဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာတော့ ဝေဖန်မှုတွေရှိနေပါတယ်။