စစ်သွေးကြွများတိုက်ခိုက်မှု

June 30, 2020

ပါကစ္စတန် စတော့အိတ်ချိန်းကို စစ်သွေးကြွများတိုက်ခိုက် လူ ၇ ဦးထက်မနည်းသေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချီမြို့က စတော့အိတ်ချိန်း အဆောက်အဦထဲကို ဝင်ဖို့ ခွဲထွက်ရေး စစ်သွေးကြွတွေ ကြိုးစားချိန် ဇွန်လ ၂၉ ရက်က တိုက်ပွဲဖြစ်လို့ လူ ၇ ဦးထက်မနည်း သေဆုံးပြီး တခြားလူ အတော်များများ ဒဏ်ရာရပါတယ်။ ဘာလူချီစတန် လွတ်မြောက်ရေးတပ်က တိုက်ခိုက်တာလို့ အခိုင်အမာ ပြောပြီး အစောင့် ၂ ယောက်၊ ရဲတယောက် စစ်သွေးကြွ မာဂျိဒ်ရဲ့ အသေခံတပ်ခွဲက တိုက်ခိုက်ရေးသမား ၄ ယောက်တို့ သေဆုံးတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ လူအသေအပျောက် ပိုများအောင် မလုပ်နိုင်ခင် တိုက်ခိုက်သူတွေကို ဟန့်တားနိုင်ခဲ့ပုံရတဲ့ ရဲနဲ့ အစောင့်တွေကို အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေက ချီးကျူးခဲ့ကြပါတယ်။ အပြန်အလှန်တိုက်ပွဲအတွင်း တိုက်ခိုက်သူ ၄ ယောက်စလုံး အသေပစ်သတ်ခံရတယ်လို့ ရဲက ပြောပါတယ်။ ကုန်သည်တွေ လုပ်သားတွေ ဘယ်လောက် ဒဏ်ရာရတယ်ဆိုတဲ့ အစီရင်ခံစာကို ချက်ချင်း မရသေးပါဘူး။ လူဦးရေ သန်း ၂၀ နေထိုင်တဲ့ ကရာချီမြို့မှာ အကြမ်းဖက်ဝါဒ၊ တိုင်းရင်းသားတွေအကြား အကွဲအပြဲတွေနဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နေရလို့ ဆယ်စုနှစ်ချီပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ၂၀၁၈ အောက်တိုဘာက တရုတ်ကောင်စစ်ဝန်ရုံးကို အသေခံ တိုက်ခိုက်ရေးသမားတွေ ဝင်စီးခဲ့လို့ ခရီးသွားအထောက်အထား လက်မှတ်ယူဖို့ တန်းစီနေတဲ့ အရပ်သားတွေနဲ့ အစောင့်တွေ သေဆုံးပါတယ်။ ၂၀၁၉ မေလမှာတော့ ကရာချီမြို့ကမ်းရိုးတန်းတလျှောက် ဂွါဒါဆိပ်ကမ်းသစ်ထဲက ဟိုတယ်ကို တိုက်ခိုက်ခဲ့ဖူးပါတယ်။
12 months Ago
Up