စစ်သွေးကြွတိုက်ခိုက်မှု

January 4, 2021

နိုက်ဂျာတွင် တိုက်ခိုက်ခံရမှုကြောင့် ရွာသား ၁၀၀ သေဆုံးဟု ဝန်ကြီးချုပ် ပြော

နိုက်ဂျာနိုင်ငံအနောက်ပိုင်းက ရွာနှစ်ရွာ တိုက်ခိုက်ခံရပြီး လူ ၁၀၀ သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၃ ရက်မှာ ဝန်ကြီးချုပ် ဘရီဂီရာဖီနီက ပြောပါတယ်။ အစ္စလာမစ် အကြမ်းဖက်မှု ထူပြောနေတဲ့နိုင်ငံမှာ လတ်တလောကာလအတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ မာလီနိုင်ငံနဲ့ နယ်စပ်နားက အခင်းဖြစ်ရာနေရာကို ဝန်ကြီးချုပ်ကိုယ်တိုင် သွားခဲ့ပြီး တနင်္ဂနွေနေ့က တနိုင်ငံလုံးကို လွှင့်တဲ့ ရုပ်သံအတွင်း သူက သေဆုံးသူ အရေအတွက်ကို ကြေညာခဲ့တာပါ။ တီချုံဘမ်ကို့ရွာက လူ ၇၀ နဲ့ ဇာရောင်ဒါရေယေရွာက လူ ၃၀ သေဆုံးတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိသူ ဘယ်သူဆိုတာကိုတော့ သူက မပြောပါဘူး။ နိုက်ဂျာနိုင်ငံဟာ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ အစ္စလာမစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို မကြာခဏ ခံနေရတာပါ။ ပြိုင်ဘက် တိုင်းရင်းသားလူ့အဖွဲ့အစည်းတွေကြား အပြန်အလှန် သတ်ဖြတ်မှုတွေက ဘာသာရေး စစ်ဝါဒီတွေရဲ့ အကြမ်းဖက်မှုနဲ့ ရှားပါးတဲ့ သယံဇာတရင်းမြစ်တွေအတွက် ပြိုင်ဆိုင်မှုတွေကို မီးထိုးပေးနေသလို မြင်ရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
10 months Ago
Up