အရင်အပတ်က ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ ကနေဒါ စစ်သည် ၆ယောက် ကို ကနေဒါဝန်ကြီး ချုပ်နဲ့ စစ်တပ်က အရာရှိတွေက မေလ ၆ ရက်မှာ ဂုဏ်ပြုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် သူတို့အားလုံး မျက်နှာဖုံးကို အနက်ရောင်တွေ ဝတ်ဆင်ထားပြီး လူချင်းခွာခွာ နေရင်း ဂုဏ်ပြုခဲ့ကြတာပါ။
အလောင်း ၁ လောင်းသာ ပြန်ရပြီး ကျန် ၅ လောင်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရှာတွေ့တဲ့ အလောင်းအတွက် ခေါင်းတလားကို ကနေဒါ အလံနဲ့ ဖုံးလွှမ်းသယ်ဆောင်ပြီး ပျောက်ဆုံး စစ်သည် ငါးယောက်ရဲ့ စစ်ဦးထုပ်တွေကိုတော့ အရာရှိတွေက သယ်လာခဲ့ကြပါတယ်။
ဂရိနိုင်ငံ မြေထဲပင်လယ် ကမ်းရိုးတန်းဒေသမှာ စစ်သင်တန်းပေးနေချိန် ဖရက်ဒရစ်တွန် စစ်သင်္ဘောပေါ်ကနေ ပျံတက်ရင်း စစ်ရဟတ်ယာဉ်က ပျက်ကျခဲ့တာပါ။
ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူ၊ အုပ်ချုပ်ရေးမှူးချုပ် ဂျူလီ ပယက်တေနဲ့ ကာကွယ်ရေး ဝန်ကြီး ဟာဂျစ် ဆာဂျန်တို့လည်း အွန်တေရီအို ပြည်နယ် ထရန်တွန်မြို့က စစ်စခန်းနဲ့ လေဆိပ်မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို တက်ရောက်ပါတယ်။
ဖရဒ်ဒရစ်တွန် စစ်သင်္ဘောဟာ နေတိုးအဖွဲ့ရဲ့ Operation Assurance စစ်ဆင်ရေးမှာ ပါဝင်ပြီး အလယ်နဲ့ အရှေ့ ဥရောပ ဒေသတွင်း လုံခြုံရေး တိုးမြှင့်ဖို့ ရည်ရွယ် ထားပါတယ်။
ကနေဒါ လက်နက်ကိုင် တပ်ဖွဲ့ဝင် အယောက် ၂၁၀၀ လောက် ကမ္ဘာတလွှားမှာ တပ်ချထားပြီး Operation Assurance နေတိုး စစ်ဆင်ရေးထဲမှာတော့ ကနေဒါစစ်သည် ၉၁၅ ယောက် တာဝန်ထမ်းဆောင်နေပါတယ်။
10 months Ago