စစ်သင်တန်း

May 12, 2020

စစ်သင်တန်းပေးနေစဉ် အီရန် ထောက်ပံ့ရေးစစ်သင်္ဘောကို မတော်တဆ ဒုံးကျည်ထိမှန်၊  ၂၀ ခန့် သေဆုံး

အိုမန်ပင်လယ်ကွေ့ထဲမှာ စစ်သင်တန်းပေးနေတုန်း မတော်တဆဖြစ်ပြီး အီရန် ဒုံးကျည်တစီးက ပစ်မှတ်နားက ထောက်ပံ့ရေးစစ်သင်္ဘောကို ထိမှန်ခဲ့လို့ ရေတပ်သား ၁၉ ယောက် ထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ အီရန်စစ်တပ်က ပြောပါတယ်။ မြို့တော်တီရန်ရဲ့ အရှေ့တောင်ဘက်က မိုင် ၇၉၀ အကွာက အိုမန်ပင်လယ်ကွေ့အတွင်း ဂျက်စ်ခ်ဆိပ်ကမ်းနားမှာ မေ ၁၀ ရက်က မတော်တဆ ဖြစ်ခဲ့တာလို့ စစ်တပ်ရဲ့ အင်တာနက် စာမျက်နှာက မေ ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ သင်္ဘောကိုတော့ ကမ်းခြေဆီ ဆွဲယူလာပြီလို့လည်း ကြေညာချက်က ဆိုပါတယ်။ ဒုံးကျည်ဟာ စစ်ရေးပါဝင် လေ့ကျင့်နေတဲ့ ဟန်ဒီဂျန်အမျိုးအစား ထောက်ပံ့ရေးသင်္ဘော ကိုနာရတ်ခ်ကို ထိမှန်ခဲ့တာပါ။ အီရန်ထုတ် မုချ်အဆင့် ဖျက်သင်္ဘောဂျာမာန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ကိုနာရတ်ခ်သင်္ဘောကို မတော်တဆ ပစ်မိသွားတယ်လို့ အီရန်ရဲ့ တက်စ်နင်မ် သတင်းဌာနက အစီရင်ခံပါတယ်။ ကိုနာရတ်ခ်သင်္ဘောကို ၂၀၁၈ ကမှ အလုံးစုံ ပြုပြင်မွမ်းမံထားပြီး ပင်လယ်ပြင်ကနေ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို တပ်ဆင် ပစ်လွှတ်နိုင်ပါတယ်။ နယ်သာလန်နိုင်ငံလုပ် ၁၅၅ ပေ ရှည်တဲ့သင်္ဘောဟာ ၁၉၈၈ ခုနှစ်ကတည်းက တာဝန် ထမ်းဆောင်နေခဲ့တာပါ။ မတော်တဆ ဖြစ်ချိန်က သင်္ဘောပေါ်မှာ လူဘယ်နှယောက် ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကိုနာရတ်ခ်သင်္ဘောပေါ်မှာ သင်္ဘောသား အယောက် ၄၀ ရှိနေချိန် ဒုံးကျည်ထိမှန်လို့ လူ အယောက် ၂၀ ထက် မနည်း သေဆုံးတယ်လို့ တူရကီအခြေစိုက် အနာဒိုလူ သတင်းဌာနက ပြောထားပါတယ်။
11 months Ago

January 12, 2020

စစ်သင်တန်းတက်နေသည့် ဆေ်ာဒီနိုင်ငံသားများကို အမေရိကန်မှ နှင်ထုတ်မည်

အမေရိကန်နိုင်ငံထဲက စစ်စခန်းတွေမှာ သင်တန်းတက်နေတဲ့ ဆော်ဒီအာရေဗျနိုင်ငံသား တပ်ဖွဲ့ဝင် ၁ ဒါဇင်ကျော်ကို အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်မယ်လို့ CNN သတင်းဌာနက ဇန်နဝါရီ ၁၁ ရက်မှာ ဖော်ပြပါတယ်။ ဖလော်ရီဒါပြည်နယ်က အမေရိကန်ရေတပ်စခန်းမှာ ဆော်ဒီလေတပ် တပ်ဖွဲ့ဝင် တယောက်ရဲ့ပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့တဲ့ဖြစ်စဉ်ကို ပင်တဂွန်စစ်ဌာနချုပ်က ပြန်လည်သုံးသပ်အပြီးမှာ ခုလို ဆုံးဖြတ်ခဲ့တာပါ။ နှင်ထုတ်ခံ ဆော်ဒီအရာရှိတွေဟာ ပန်စာကိုလာစခန်းမှာ အမေရိကန် ရေတပ်သား ၃ ယောက်ကို သတ်ခဲ့တဲ့ ဆော်ဒီလေတပ် ဒုဗိုလ်မှူးကို ကူညီမှုနဲ့ စွပ်စွဲခံရသူတွေ မဟုတ်ဘူးလို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်တရားရေးဌာန၊ အမေရိကန်ထောက်လှမ်းရေးဗျူရို FBI နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီသံရုံးတို့ကို ဆက်သွယ်ပေ မယ့် ချက်ချင်း အကြောင်းမပြန်ကြသေးပါဘူး။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက် ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံထဲမှာ စစ်သင်တန်းတက်နေတဲ့ ဆော်ဒီ စစ်ဘက်တပ်ဖွဲ့ဝင် အားလုံးကို စစ်ဆင်ရေးသင်တန်းပေးမှု ရပ်လိုက်ပြီလို့ ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာတော့ အမေရိကန်မှာ ပညာသင်နေတဲ့ ဆော်ဒီစစ်သင်တန်း ကျောင်းသား အယောက် ၈၅၀ ကို ပြန်သုံးသပ်စစ်ဆေးချက်အရ ခြိမ်းခြောက်မှု မရှိတာ တွေ့ရတယ်လို့ ပင်တဂွန်က ကြေညာခဲ့ပါတယ်။ ဆော်ဒီလေတပ်က အသက် ၂၁ နှစ်အရွယ် ဒုဗိုလ် မိုဟမ်မဒ် ဆာအိ အယ်လ်ရှမ်ရာနီဟာ အသေပစ်ခတ် ဖမ်းဆီးတာ မခံရခင် အမေရိကန်ရေတပ်စခန်းကို တကိုယ်တော် ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားတယ်လို့ FBI က ပြောခဲ့ပါတယ်။
1 year Ago
Up