စစ်ရှောင်အမျိုးသမီးများ

September 21, 2021

“အပြည်အပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် စစ်ရှောင်အမျိုးသမီးများ၏ ရင်တွင်းစကားသံများ”

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ငြိမ်းချမ်းရေးနေ့တွေသာ ကျော်ဖြတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ ငြိမ်းငြိမ်းချမ်းချမ်း မနေရတာဟာ နှစ်ပေါင်း ၇၀ ကျော်လာပါပြီ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုပြီး အရပ်သားအုပ်ချုပ်မှု ၁၀ နှစ်တာမှာလည်း ငြိမ်းချမ်းမှုကို ပြည်သူတွေ ပီပီပြင်ပြင် မခံစားခဲ့ရဘူး။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်တော့ နိုင်ငံနဲ့ တဝန်းပြည်သူတွေမှာ စစ်ဘေးဒုက္ခကို ထပ်ဆင့် ခံစားနေကြရပါတယ်။

အာဏာသိမ်းမှုကို လက်မခံကြတဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေဟာ ဆက်တိုက်ဆိုသလို အုံနဲ့ကျင်းနဲ့ ပေါ်ထွက် လာကြတယ်။ စစ်ကောင်စီကလည်း လက်နက်မဲ့ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တာတွေလုပ်လာခဲ့တယ်။ ဒါကိုလက်မခံ နိုင်တဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင်ပြောက်ကျားစစ်နဲ့ ပြန်လည်ခုခံခဲ့ကြပါတယ်။ စစ်ကောင်စီနဲ့ PDFတွေ အပြန်အလှန်ပစ်ခတ်ကြရင်း စစ်ကောင်စီက အကြမ်းဖက်တာကြောင့် ပြည်သူတွေမှာလည်း နေအိမ်တွေကိုစွန့်ခွာကာ ထွက်ပြေးခဲ့ကြရပါတယ်။ လူပေါင်းများစွာသေဆုံးကြပြီး စစ်ရှောင်တွေလည်း အများအပြားတိုးလာခဲ့တယ်။

ဒါကြောင့် စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာငြိမ်းချမ်းရေးနေ့မှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်စတဲ့ ပြည်နယ်တွေက စစ်ရှောင်အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနေ့နဲ့ပတ်သက်ပြီး ရင်တွင်းစကားသံနဲ့ မျှော်လင့်ချက်တွေကို Hi က ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။

မဖရို (ရှမ်းပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ ငြိမ်းချမ်းရေးဆိုတာ စစ်လည်းမဖြစ်ရဘူး၊ ရောဂါတွေလည်းမရှိရဘူး ။ စိတ်ညစ်စရာတွေမရှိရဘူး ။ ပျော်ပျော်ရွင်ရွင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်ရတာကို ငြိမ်းချမ်းတယ်လို့မြင်တယ်။ လက်ရှိမှာတော့ ပြေးလွှားနေရတာနဲ့ ငြိမ်းချမ်းတယ်လို့ မခေါ်ဘူး။ ငြိမ်းချမ်းရေးပျောက်ကွယ်နေတယ်။ ငြိမ်းချမ်းတယ်လို့မခံစားရဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မကြာတော့ဘူးလို့ဆိုပြီး အားတင်းထားနေရတယ်။ အိုးအိမ်တွေပါသွားတာလည်းပါသွားပါစေ၊ ငြိမ်းချမ်းရေးကိုလိုလားတယ်။ တစ်နေ့တော့ရမှာလို့ လည်း ယုံကြည်ပြီး အားတင်းထားတယ်။ အသက်ပေးရချင်လည်းပေးရ ငြိမ်းချမ်းရေးကို မြန်မြန်ရချင်တယ်”

မမိ (ရှမ်းပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ လက်ရှိမငြိမ်းချမ်းတဲ့အပေါ်မှာတော့ ဖော်ပြလို့မကုန်နိုင်အောင် အရမ်းခံစားရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ အနာဂတ်ပျောက်နေတယ်လို့ ခံစားနေရတယ်။ ငြိမ်းချမ်းရေးအမြန်ဆုံးရချင်တယ်။ ကောင်းကောင်းမွန်မွန်နေချင်တယ်။ လက်ရှိ အခြေအနေက အာဏာရူးနဲ့အပေါင်းပါတွေ အရှုံးကိုလက်ခံပြီး လက်နက်ချမယ်ဆိုမှအေးဆေးနေရမှာ။ တာဝန်ရှိလူကြီး တွေကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိတဲ့ ငြိမ်းချမ်း‌ရေးကို အကောင်းဆုံး ဖော်ဆောင်စေချင်တယ်”

ဒေါ်ချမ်း (ကယားပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ ငြိမ်းချမ်း‌ရေးဆိုတာ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်နားလည်မူတွေနဲ့ ကူညီဖေးမပြီး အတူတူပူးပေါင်းရှင်သန်နေထိုင်ကြ ခြင်းလို့ခံယူထားပါတယ်။ လက်ရှိအခြေအနေတွေက စိတ်ပျက်ဖို့အရမ်းကောင်းတယ်။ စိုးရိမ်စရာလည်းဖြစ်တယ်။ အထူး သဖြင့် ကျွန်မတို့ အပြစ်မဲ့ ပြည်သူတွေအတွက် အသက်က မလုံခြုံတော့ပါဘူး။ ပြေးလွှားနေရပါတယ် ။ ငြိမ်းချမ်းရေးရဖို့က ကျွန်မတို့မသိသေးပေမယ့် အရင်လို ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ နီးနေပြီလို့ ယုံကြည်တယ်။ တိုင်းပြည်မှာ အာဏာရှင်တွေ မရှိတော့တဲ့ တစ်နေ့ကျရင်တော့ ကျမတို့ ငြိမ်းချမ်း‌ရေးရမယ်လို့ မြင်တယ်။ အာဏာရှင်လို့ပြောတဲ့နေရာမှာလည်း စစ်အာဏာရှင်မှမဟုတ်ဘူး။ တခြားသောနည်းတွေနဲ့ ပြည်သူတွေကို နှိပ်ကွပ်တာလည်း အာဏာရှင်ပဲ။ အဲလိုလူတွေမရှိမှ ကျမတို့ အေးဆေးနေရလောက်တယ်။ လက်မှတ်ထိုးစကားပြောရုံနဲ့ ငြိမ်းချမ်းရေးက လက်တွေ့မှာမရပါဘူး။ တစ်ကယ်ငြိမ်းချမ်းချင်ရင်တော့ အကုန်လုံးနားလည်မူတွေနဲ့ ဖေးမကူညီခြင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်”

မစန္ဒာ (ကယားပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ ငြိမ်းချမ်းရေးဆိုတာ အများပြည်သူများကြောက်ရွံမှု စိုးရိမ်မူမရှိ ၊ စိတ်ချမ်းချမ်းသာသာနဲ့ အေးချမ်းစွာအလုပ်အကိုင် စား သောက်ရတာကို ငြိမ်းချမ်းရေးလို့ခံယူတယ်။ လက်ရှိမှာက ပြေးလွှားနေရတယ်။ တောထဲတောင်ထဲ သွားအောင်းနေရ တယ်။ စိတ်ကျေနပ်မူမရှိ၊ စိတ်ချမ်းသာမူမရှိ၊ စိတ်ချမ်းသာစရာတွေလည်းမရှိပါဘူး။ ဘယ်နေ့ဘယ်အချိန်မှာ နောက်ထပ် ဘယ်လိုဒုက္ခတွေကို ကြုံရမှာလဲဆိုတာတွေးပြီး စိတ်သောကရောက်နေရတယ်။ လူ့အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ခံစားရတယ်။ ပြည်သူအားလုံးကိုယ်စီမှာ တာဝန်ရှိပါတယ်။ ဒီလိုပြေးနေရတာ မငြိမ်းချမ်းစွာနဲ့ နေနေရတယ်။ ကျမတို့ အရင်လို ကောင်းကောင်းမွန်နေနိုင်ဖို့ အားလုံးအတူ ရယူမှသာ မြန်ဆန်မယ် မြန်မြန်ရမယ် ၊ ဒါမှကျမတို့ ပြည်သူလူထုတွေ ကောင်း ကောင်းမွန်မွန်နေထိုင်နိုင်မှာ၊ တာဝန်ရှိတဲ့သူတွေလည်း အမြန်ဆုံး ဆောင်ရွက်စေချင်တယ်”

ဒေါ်ရီဦး (ရခိုင်ပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ လက်ရှိ ကျမတို့လည်း ပြေးနေရတယ်။ ရှောင်နေရတာ အသက်နဲ့လုပြီး ပြေးနေရတာနဲ့ ငြိမ်းချမ်းရေးနဲ့ပြောင်းပြန်ဖြစ်နေတယ် အေးအေးချမ်းချမ်းနဲ့မရဘူး။ ငြိမ်းချမ်းရေးကို ဖြစ်နိုင်ရင် အခုချက်ချင်းရချင်တယ်။ အမြန်ဆုံးရချင်တယ်။ အခု ချက်ချင်းကြီးမဟုတ်ရင်တောင် အကြာကြီးမစောင့်ချင်တော့ဘူး။ အိမ်မှာမှာ အေးအေးချမ်းချမ်းနဲ့ အလုပ်တွေ လယ်ယာ တွေကို ပြန်လုပ်ချင်တယ်။ ပြည်သူတွေကို အရင်လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန် အမြန်ဆုံး စီစဉ်ပေးစေချင်တယ်”

မမေ (ရခိုင်ပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ ကျမတို့မိသားစုလိုက် နေအိမ်ကိုစွန့်ခွာပြီး စစ်ရှောင်စခန်းမှာ ဖြစ်သလိုနေလာရတာက လေးနှစ်ပြည့်တော့မယ်။ ကျမတို့ တိုင်းရင်းသားတွေက ဘယ်သူ့အဖွဲ့အစည်းနဲ့မှ မပူးပေါင်းဘဲနဲ့ ကိုယ့်အိုးကိုယ့်အိမ်ကို ခွာပြီးတော့ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် ကာလအချိန်တွေ အကြာကြီး အဝေးကြီးမှာ ဒုက္ခတွေခံစားနေရတာ ကျမရင်ထဲမှာ ပြောပြမတတ်အောင် ခံစားရတယ် ဝမ်းနည်းရတယ်။

ငြိမ်းချမ်းရေးမရမချင်းတော့ ကျမတို့ အိမ်ပြန်ရမယ်လို့မထင်ဘူး။ ငြိမ်းချမ်းရေးကို ဖြစ်နိုင်ရင်အခုရတယ်။ လိုချင်တယ်။ ငြိမ်းချမ်းမှုဆိုတာ မလွယ်ဘူးလို့ မြင်တယ်ရှင့်။ တိုင်းရင်းသားတွေအပေါ်မှာ ငဲ့ညှာပြီးတော့ ဦးစားပေးပြီး လုပ်ဆောင်ပေးတဲ့ အချက်တွေက ကျမတစ်ခုမှမတွေ့ရဘူး။ ကျမတို့ ဒီစစ်ရှောင်စခန်းမှာလည်း ကိုဗစ်-၁၉ ရောဂါက တစ်ဘက်နဲ့ အလုပ် ကိုင် ရှားပါးပြီး စားရေးသောက်ရေးက နေရေးထိုင်ရေးကအစ ဘယ်လိုမှအဆင်မပြေဘူး။ ကျမတို့နေရတဲ့ စစ်‌‌ရှောင်မှာ လူဦးရေက ၈၀၀ ကျော်ရှိတယ်။ အိမ်သာက ကောင်းတာ သုံးလုံးပဲရှိတယ်။ ကျန်တဲ့အိမ်သာတွေက ပြည့်နေပြီး ယောက်ျား တွေရော မိန်းမတွေရော အကုန်လုံး ရောသမမွှေပြီး အိမ်သာသုံးနေရတယ်။

တာဝန်ရှိတဲ့သူတွေကို ကျမစကားပါးချင်တာကတော့ ကျမတို့နေနေတဲ့ စစ်ရှောင်စခန်းမှာ နေတာလည်း ကြာပြီ၊ ကိုယ့် အိမ်ကိုလည်း မပြန်ရသေးဘူး။ ကိုယ့်ရပ် ကိုယ့်ပြည်ကို ပြန်ချင်တယ်။ ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင် ကျမတို့ ပြည်သူ လူထုတွေ အကုန်ငတ်ပြတ်ပြီးသေကုန်မှာ။ ကိုဗစ်ကတစ်ဘက်နဲ့ဆိုတော့ ကြာကြာမခံနိုင်တော့ ကျမတို့ အကုန်ဒုက္ခ ရောက်ကုန်မှာ။ ကိုဗစ်-၁၉ နဲ့ မသေဘဲနဲ့ အစာငတ်ပြီး သေကုန်မှာ ”

မခင် (ချင်းပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ ငြိမ်းချမ်းရေးဆိုတာ ကျမတို့လူသားတွေ နိုင်ငံတစ်နိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ကျား၊မ မရွေး လူမျိုးမရွေး ဘာသာမရွေး ကိုယ်ရဲ့ မွေးရာပါအခွင့်အရေးကို လွတ်လွတ်လပ်လပ်ရတယ်။ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံလူတန်းစားရဲ့ကြားမှာ တရားမျှတမူရှိ တဲ့ ဥပဒေကို ပြဋ္ဌာန်းထားတာ။ ကိုယ်ရဲ့နေအိမ် အသက်အိုးအိမ်စည်းစိမ်တွေကို လုံလုံခြုံခြုံ အကာကွယ်ပေးနိုင်တဲ့ အစိုးရ လိုမျိုး ကျမတို့ရဲ့လူမူပတ်ဝန်းကျင်မှာ သူခိုး၊ ဓားမြ တိုက်တာတွေမရှိဘဲနဲ့ လွတ်လပ်စွာသွားလာခွင့် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်စတာတွေကို ကျွန်မတို့ အပြည့်အဝရထားတယ်ဆိုရင် ငြိမ်းချမ်းရေးလို့ မြင်တယ်။

တိုင်းရင်းသားနယ်မြေတွေမှာ နှစ်ပေါင်း ၇၀ ကျော်အထိ ညှဉ်းပန်းနှိပ်စက် အနိုင်ကျင့်ခံရတယ်။ စစ်ဒဏ်တွေကြားထဲကနေ အမြဲတမ်းပြေးလွှားနေရတယ်။ ဒီ၂၀၂၀ ပြည့်နှစ်ကနေစပြီး ကျွန်မတို့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်မှာတော့ ရောက် နေပြီး အပြည့်ဝမကျင့်သုံးနိုင်သေးပေမယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ကျမတို့စပြီးလျှောက်နေချိန်မှာ မတရား အာဏာသိမ်းမူတွေ ကြုံတွေ့လာပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို ဘယ်နားကျပျောက်သွားခဲ့လဲ မသိခဲ့ဘူး ပျောက်ကွယ်သွားခဲ့တယ်။

ဒီတော်လှန်ရေးမှာလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းမှုတွေကို စစ်ကောင်စီက လုပ်လာ တယ်။ ပြည်သူတစ်ရပ်လုံးက မိမိရဲ့အသက်အိုးအိမ်စည်းစိမ် မိမိရဲ့ဆန္ဒတွေ လွတ်လပ်မူတွေ မရတော့တဲ့အဆုံးမှာ သေမထူး နေမထူးတဲ့အခြေအနေအမျိုးမှာ ရရာလက်နက်နဲ့ ခုခံကာကွယ်ရမယ်ဆိုတဲ့ စိတ်တွေဝင်လာတယ်။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာ ကိုယ့်အလုပ် ကိုယ်လုပ်နေတာတောင်မှာ လက်နက်ကြီးတွေထိ ဖမ်းဆီးချုပ်နှောင်ခံရတာဆိုတော့ ကျမတို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးက ဝေးနေသေးတယ်လို့ မြင်တယ်။ ခဲတံ၊ ပေါက်ပြား ပေါက်တူးတွေကိုပဲကိုင်တဲ့ သာမန် အရပ် သားတွေက နှိပ်စက်ညှဉ်းပန်းမူတွေ နှစ်ပေါင်းများစွာ ကြုံတွေ့ရင်ဆိုင်ရတယ်။ ဒီစစ်အာဏာရှင်အမြစ်ပြုတ်မှ ကျွန်မတို့ ငြိမ်းချမ်းမူ၊ တရားမျှတမှုတွေကိုရမယ်လို့ထင်တယ်။ ဒီတော်လှန်ရေးမှာ လူတိုင်းပါဝင်ဖို့လိုတယ်”

မနော (ကချင်ပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ ကျမတို့ စစ်ရှောင်စခန်းကို ရောက်ရှိလာတာ ၂၀၁၁ ကတည်းက အခုဆိုရင် ၁၁ နှစ်ထဲ ရောက်လာပြီ။ ကျမတို့လည်း ငြိမ်းချမ်းရေးကို လိုလားတာပဲ၊ စစ်လည်းကျမတို့မကြိုက်ဘူး။ ကိုယ်ရဲ့အခွင့်အရေး ဆုံးရှုံးသွားတာလည်းမလိုလားဘူး။ စစ်ပွဲတွေဖြစ်လာပြီဆိုရင် ကျမတို့ပြည်သူတွေက မမှားလည်းရင်ဆိုင်ရတယ်။ စစ်ရှောင်ရောက်တဲ့အချိန်မှာလည်း စစ်ရှောင်တွေဆိုပြီး ‌ငေါက်လိုက်ဟောက်လိုက်နဲ့ သူများပေးမှ သူများကျွေးမှစားရတဲ့ဘဝလည်း ကျမတို့ ရင်ဆိုင်လာ ခဲ့တယ်။ ကျမတို့ စစ်ရှောင်တွေအားလုံးရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းရေးကို အရမ်းလိုလားကြတယ်။ ကျမတို့ စစ်ရှောင်တွေမှာဆို မုဒိမ်းမှုတွေ၊ လူကုန်ကူးမှုတွေ၊ လုယက်မှုတွေလည်း အများကြီးရှိတယ်။ ကျမတို့ စစ်ရှောင်တွေရဲ့ ဘဝက ရင်လေးလှပါတယ်။ နေရတဲ့ဘဝကလည်းအရမ်းခက်ခဲပါတယ်။ လက်ရှိအခြေအထားမှာလည်း နိုင်ငံရေးလည်း ရှုပ်‌ထွေးတယ်။ ရောဂါကလည်း ရှိနေတယ်။ စစ်ရှောင်တွေမှာ တော်တော်ထိခိုက်လာတယ်။ အရမ်းအဆင်မပြေမှုတွေ အများကြီးရှိပါတယ်။

ကျမတို့ စစ်ရှောင်မှာလည်း အမျိုးသမီးဆို ဘယ်မှသွားလို့မရ သွားမယ်ဆိုရင်လည်း လုံခြုံမှုကမရှိဘူး။ သွားမယ်ဆို ဘယ်သူကများ မုဒိမ်းကျင့်မှာလဲ၊ ဆွဲများခေါ်သွားမှာလဲ စတဲ့အတွေးတွေနဲ့ နေထိုင်ရတယ်။ လုံခြုံမှုမရှိဘူး။ အာမခံချက် လည်းမရှိဘူး။ ကျမတို့ နေနေရတဲ့ နေရာ ဆိုရင် ၁၀ ပေတောင်မပြည့်ဘူး။ ကိုးပေလောက်ပဲရှိတယ်။ ကျဉ်းကျဉ်းကျပ်ကျပ် နဲ့နေရတယ်။ အမျိုးသမီးတွေဆို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတယ်။

တာဝန်ရှိတဲ့ သူတွေကို လက်နက်အားကိုးပြီးတော့ပဲ စစ်ပွဲတွေ မဖန်တီးကြပါနဲ့ မတိုက်ကြပါနဲ့။ အဲလိုစစ်ပွဲတွေ ဖန်တီးနေ ရမယ် တိုက်နေမယ်ဆိုရင် ကျမတို့ ပြည်သူလူထုတွေဟာ ပိုပြီးတော့နစ်နာတယ် လုံခြုံမှုမရှိဘူး။ ပြည်သူတွေက ဓားစာခံ ဖြစ်နေတယ်။ ဖြစ်နိုင်ရင် စစ်ပွဲတွေ မဖြစ်ဘဲနဲ့ ကျမတို့ ကောင်းမွန်တဲ့ အဖြေတစ်ခုရအောင် စားပွဲပေါ်မှာပဲ ကျေကျေလည် လည် ညှိနှိုင်းစေချင်တယ်။ လက်ရှိမှာ ကျမလက်နက်ကြီးတွေ အောက်မှာပဲ ကြီးထွားတယ် မြင်နေရတယ်။ အဲ့တာ တွေကြောင့် သေနတ်တွေ၊ လက်နက်ကြီးတွေ စစ်ဝတ်စုံတွေကို မြင်တဲ့အချိန်မှာ ဒဏ်ရာတွေက ထပ်ခံစားရပါတယ်။ စစ်ပွဲ တွေလည်း အရမ်းမဖန်တီးပါနဲ့လို့ ပြောချင်တယ်။”

ဒေါ်ရွယ် (ကချင်ပြည်နယ်မှ စစ်ရှောင်တစ်ဦး)
“ ငြိမ်းချမ်းရေးဆိုတာ သွားချင်တဲ့ နေရာကို လွတ်လွတ်လပ်လပ်သွားလို့ ရမယ်။ ဘာအကန့်သတ်မှ မရှိဘဲနဲ့ လွတ်လွတ် လပ်လပ် လုပ်ကိုင်စားသောက်နိုင်ရမယ်။ ကိုယ့်ရဲ့နိုင်ငံကိုလည်း ကိုယ်ပိုင် စီမံခန့်ခွဲနိုင်ရမယ်လို့ မြင်တယ်။ လက်ရှိမငြိမ်းချမ်းတဲ့ အပေါ်မှာကတော့ ကျွန်မစိတ်ညစ်တယ်။ ပြောတောင် မပြောချင်တော့ဘူး။ ဟိုဘက်ဆိုလည်း သွားမရ ဒီဘက်ဆို လည်း သွားမရ နိုင်ငံရေးလည်းမကောင်း ရောဂါလည်းဖြစ်နေတယ် အရမ်းစိတ်ညစ်ဖို့ကောင်းတယ်။ စစ်ရှောင်ဘဝဆိုတာ စိတ်ညစ်ရတယ်၊ စိတ်ထွက်ပေါက်မရှိဘူး။ အခန်းကလည်းကျဉ်းတယ်။ စိတ်ဒဏ်ရာလည်းရတယ်။ စိုက်စားဖို့ မုန်ညှင်း တစ်ပင်ဖိုးတောင် နေရာမရှိဘူး။ စားဝတ်နေရေးအတွက်တောင်ယာလုပ်မယ်ဆိုလည်း မြေယာတွေလည်းမရှိဘူး။ ရူးတောင် ရူးချင်တယ်။

ကျမတို့ ကိုယ်ရွာကိုပြန်ဖို့ အိမ်တွေလည်း ပြန်ဆောက်ထားပြီးပြီ။ ခြံအခင်းတွေလည်း လုပ်ထားတယ်၊ ပြန်ရမှာပေါ့ ထင် ထားတာ၊ ဒီနှစ်ထဲမှာ ပြန်ရမယ်လို့ထင်ထားတာ။ အခုအခြေအနေနဲ့ ငြိမ်းချမ်းရဖို့က ဝေးသေးတယ်ထင်တယ်။ အခြေအနေ မကောင်းတော့ စစ်ရှောင်ကိုပဲ ပြန်လာနေရတယ်။ စစ်ပွဲတွေကလည်း ငြိမ်မလိုလိုနဲ့ ထပ်ဖြစ်တယ်ဆိုတော့ ဘယ်လို လုပ်ရမှန်းမသိဘူး။ မြန်မြန်ငြိမ်းချမ်းအောင်လုပ်ပေးပါ ။ စစ်ရှောင်တွေ ကိုယ့်ရပ်ရွာတွေပြန်ပြီးတော့ စိုက်ပျိုးရေးတွေ၊ မွေးမြူ ရေးတွေလုပ်ပြီး ပျော်ရွင်စွာ ကျမတို့နေထိုင်ချင်ပါတယ်။ စစ်ရှောင်မှာလည်း ကြာကြာမနေချင်တော့ဘူး။ အိမ်ပြန်ချင်ပါပြီ”

Honest Information (HI)။ ။

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

1 year Ago

August 14, 2020

ဘဝလုံခြုံငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခံနေရသည့် အမ်းဒေသက စစ်ရှောင်အမျိုးသမီးများ 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အမ်းဒေသက စစ်ရှောင်အမျိုးသမီးတွေရဲ့  ဘဝလုံခြုံင ငြိမ်းချမ်းရေးကို  ခြိမ်းခြောက်ခံနေရပါတယ်။ “အင်္ကျီအဝတ်အစား အဆင်မပြေသလို  အိပ်သာတက်ရတာလည်း အဆင်မပြေဘူး။ ပြီးလို့ရှိရင် ရေချိုးတာပေါ့။ လုံလုံခြုံခြုံမရှိဘူး”လို့ အမ်းမြို့မအားကစားကွင်း စစ်ဘေးရှောင်စခန်းနေ တက္ကသိုလ်ဒုတိယနှစ်ကျောင်းသူ ချင်းတိုင်းရင်းသူလေး မမိုးမိုးမြင့်က ပြောပါတယ်။ အမ်းမြို့ပေါ်မှာ အစိုးရက တရားဝင်အသိအမှတ်ပြုဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်း ၂ ခုအပြင် တခြားနေရာတွေမှာ အဆင်ပြေသလို နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေအပါအဝင် ၅၀၀၀ ရှိပြီး အများစုက အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပါတယ်။ အမ်းမြို့ဈေးရပ်ကွက်မှာ အိမ်ငှားနေထိုင်နေတဲ့ ကလေး ၅ ယောက်မိခင်ဖြစ်သူတစ်ဦးက “သူတို့ကို ကျောင်းထားဖို့ ဘာမှလည်းမရှိသေးလေ။ ကျောင်းစိမ်းတွေဘာတွေ၊ ဖိနပ်တွေ လွယ်အိတ်တွေ၊ ဝယ်ပေးရမှာကလည်း အဆင်မပြေဘူး။ မနက်မိုးလင်းရင် ရက်ကွက်ထဲသွား အလုပ်ရှာ အလုပ်ရမှ သုံးထောင်၊ ငါးထောင်ရမှ ဆန်ဝယ် ထမင်းချက်စားနေရတာပါ”လို့မိသားစုရဲ့ လက်ရှိ ဘဝရပ်တည်ရေး အခြေအနေတွေကို ရှင်းပြပါတယ်။ စစ်ဘေးရှောင်တွေအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းတွေဖွင့်လှစ်ပေးတာ၊ ဝင်ငွေရလုပ်ငန်းတွေ   အိုင်ဒီပီစခန်းအတွင်း ဖန်တီးပေးတာနဲ့  အိုင်ဒီပီစခန်းပြင်ပမှာ အလုပ်အကိုင်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးပါက နိုင်ငံတကာအကူအညီအပေါ် မှီခိုနေရတာ လျော့ကျလာမယ်လို့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်က အကြံပြုထားပါတယ်။ အမ်းမျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ မမီးမီးက “အစိုးရပိုင်းကတော့ အမျိုးသမီး တွေအတွက်သီးသန့်လုပ်ပေးတာတော့မရှိဘူး။ ညီမတို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့  စခန်းတာဝန်ခံတွေကနေပြီးတော့ သူတို့အတွက်လုပ်ပေးတာတွေတော့ ရှိပါတယ်။ အဓိက မိန်းခလေးတွေအတွက် သူတို့လိုအပ်ချက်တွေကိုကြည့်ပြီးတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတယ်ပေါ့နော်။ ဒါပေမဲ့ တခါတလေ ကျတော့လည်း ညီမတို့မှာ ပိုက်ဆံမရှိတာတွေ ဘာတွေနဲ့ကျတော့လည်း ရှိတာပေါ့။ အမျိုးသမီးတွေအတွက် အစိုးရပိုင်းက ကူညီပေးတာတွေတော့ မရှိပါဘူး”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာထဲမှာတော့ ရေနဲ့ သန့်ရှင်းရေး အထူးသဖြင့်  အညစ်အကြေးစွန့်ပစ်ရေးအတွက်လိုအပ်တဲ့ အခြေခံအဆောက်အဦ တွေကို အဆင့်မြှင့်တင်ပေးရမယ်လို့ တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်သူ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်က “စခန်းထဲမှာရှိနေသူတွေကို ကျနော်တို့ပံ့ပိုးတဲ့အခါမှာ ဘယ်လိုဘယ်လောက်လိုအပ်နေလဲဆိုတာ စာရင်းဇယားလိုပါတယ်။ ဌာနဆိုင်ရာတွေမှာကလည်း စာရင်းဇယားနဲ့ တွက်ရတာကိုး။ အဲဒီတော့ အဲဒါတွေလိုအပ်ချက် ရှိကောင်းရှိနိုင်ပါတယ်။ ဒီစခန်းမှာ ဘယ်လိုအရွယ်တွေ ဘယ်လောက်ရှိတယ်။ ဘယ်လောက်လိုအပ်တယ်။ အဲလိုမျိုးစာရင်း တိတိကျကျလေး လိုပါတယ်။”လို့  ရှင်းပြပါတယ်။ နိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားကဝန်ထမ်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ လိုအပ်တဲ့ လူ့အဖွဲ့အစည်း အားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ  အပြည့်အဝပေးသွားနိုင်စေဖို့  မြန်မာနိုင်ငံအစိုးရအနေနဲ့ ဆောင်ရွက်ပေးသင့်တယ်လို့လည်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူသားချင်းဆိုင်ရာ အကူအညီပေးမှုတွေ အတွက် အကြံပေးကော်မရှင်က အကြံပြုထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေအပါဝင် ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာ အကောင်အထည်ဖော်မှုဟာ မရှိသလောက်ဘဲလို့ အမ်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။ “အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မဆိုထားနဲ့ ခုတိုက်ပွဲတွေအကြားမှာ ပြေးနေကြရတာကြောင့်မို့လို့ ကျမတို့တွေသည် အသက်တွေတောင်မှ အာမခံချက်မရှိတဲ့ အခြေအနေတွေမှာဖြစ်ပါတယ်။”လို့ ဒေါ်ထုမေက မှတ်ချက်ပြုပြောပါတယ်။ သက်ကြီးရွယ်အို၊ မသန်စွန်းသူ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေခံ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို  လူမျိုးရေးဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ဖို့၊  လူမှုဘဝမြှင့်တင်မှုတွေကို ဆောင်ရွက်ဖို့ဆိုပြီး လူမှုရေးကဏ္ဍမူဝါဒအဖြစ် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)မှာ ၂၀၁၇ ခုနှစ် မေလက ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ လက်မှတ်ရေးထိုးထားကြပါတယ်။ ရခိုင်ရှေ့ဆောင် အမျိုးသမီးများအဖွဲ့ရဲ့ဥက္ကဋ္ဌ မစောစံငြိမ်းသူက ''ဒါက ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ အရမ်းဆက်စပ်တယ်။ အပစ်အခတ်ရပ်စဲရေးကာလကနေစပြီး အကောင်အထည်ဖော်ရ မယ့် ကိစ္စတစ်ခု ဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ရှိနေတာ တောင် ဒါကိုအကောင်အထည်မဖော်နိုင်ဘူးဆိုလို့ရှိရင် ကျမတို့မှာက အဲဒါတွေကို ဘယ်လို လုပ်မလဲပေါ့။ ရှိတော့ရှိနေတယ်။ ပျက်ကွက်နေတယ်။ ပျက်ကွက်နေတဲ့အပိုင်းတွေကို ဘယ်သူ တွေကတွန်းရမလဲဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့။ အထူးသဖြင့် အန်စီအေ လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့အဖွဲ့အစည်းတွေကပဲ တွန်းရမယ်။ အဲဒီအချက်က အရမ်းအရေးကြီးတဲ့အချက်ဖြစ်တယ်။”လို့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ပါ အချက်တွေကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတာတွေကို ထောက်ပြပြောဆိုပါတယ်။ စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသတွေရှိအမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အထူး အလေးထားတဲ့ ပထမဆုံးသောဆုံးဖြတ်ချက်တစ်ခုကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက၂၀၀၀ ပြည်နှစ်ကတည်းက အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီ ကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅မှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုပါဝင်မှု၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးခြင်း ၊ကြိုတင်တားဆီးခြင်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်ထူထောင်ရေးစတဲ့ အချက်တွေပါဝင်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကလည်း လိုက်နာအကောင်အထည်ဖော်ဖို့ တာဝန်ရှိနေပါတယ်။ Photo - Kaung Mrat Naing/MPA
2 years Ago
Up