စစ်ရှောင်

November 19, 2021

စစ်ရှောင်များအား ကူညီနေသူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၊ ကျဆုံးပြည်သူ ၁၂၇၅ ဦး ရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၇၅ ယောက်ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၂၈၅ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၃၉၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့က စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ဦးညီခင်ကို အ ကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးသွားခဲ့ပြီးနောက် ဖယ်ခုံမြို့ရှိ အ မှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ချုပ်နှောင်ကာ ညှဉ်းပန်းနှိပ်စက် စစ်ကြောခဲ့တာကြောင့် ဦးညီခင်ဟာ ၂ ရက်အကြာ နိုဝင်ဘာ ၁၇ ရက်က ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မြင်သာကျေးရွာမှ အာဏာဖီဆန်ရေးလှုပ် ရှားမှု(CDM)ပြုလုပ်ထားတဲ့ ကျောင်းဆရာ ဦးဇော်မင်းအောင်နဲ့ အရပ်သားတယောက်တို့ ကို အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာ ၁၇ ရက်မနက် ၁၁ နာရီလောက်က  ဖမ်းဆီးသွားခဲ့ ပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာကြောင့် ဦးဇော်မင်းအောင်မှာ အဲဒီနေ့ ညနေ ၅ နာရီမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ သူတို့ ၂ ယောက်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ အဆက်သွယ်ရှိတယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီး မေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ် တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

1 week Ago

November 15, 2021

သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းရှိ စစ်ရှောင်များ နေရပ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က အချို့ရွာတွေမှာ တိုက်ပွဲပြင်းထန်းလာတာကြောင့် နိုဝင်ဘာ ၇ ရက်နေ့က သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းမှာ တိုက်ပွဲရှောင်လာကြတဲ့ ပြည်သူ ၄၁၈ ဦး နိုဝင်ဘာ ၁၄ ရက်နေ့က နေရပ်ပြန်သွားကြတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ 

သီပေါမြို့နယ် SNLD လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်းက "လူဦးရေ ၄၁၈ ဦးရှင့် ပြန်သွားတာ။ အကုန်လုံးပြန်သွားပြီရှင့်။ ပြန်သွားပြီဆိုပေမယ့် ချောင်းဆုံအုပ်စုက ရွာထိ မပြန်နိုင်သေးဘူး" လို့ DVB ကို ပြောပါတယ်။ 

အိမ်ခြေ ၁၁၃ အိမ်ရှိ ချောင်းဆုံရွာ တရွာလုံးကတော့ ရွာထဲထိ ပြန်လို့မရဘဲ ရွာနီးနားက ရွာတွေမှာပဲ ပြန်နေပြီး ထပ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

ရွာခံတွေအနေနဲ့ တိုက်ပွဲအခြေအနေ နည်းနည်းငြိမ်သွားပေမယ့် လယ်ယာ၊ ခြံမြေတွေ သွားလို့ မရတာကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေတော့ ဆက်လက်ပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ နန်းမွမ်းမွမ်းပေါင်းက ပြောပါတယ်။

"သူတို့ရွာက လုံးဝ ပြန်နိုင်မယ့် အခြေအနေမရှိဘူးရှင့်။ အဲဒီ ဆွန်လုံအုပ်စု တစုလုံးက ခက်ခဲတယ်။ သူတို့က စားနပ်ရိက္ခာလည်း ဖူလုံမှု မရှိဘူး။ ပြီးရင် သူတို့က သွားလမ်း လာလမ်းခက်ခဲတဲ့ ဒေသ ဖြစ်တယ်ရှင့်။ သူတို့အတွက်တော့ ဆက်ပြီး ထောက်ပံ့ဖို့ အကူအညီ လိုဦးမှာရှင့်။" 

နိုဝင်ဘာ ၁၄ ရက်နေ့က သီပေါမြို့ပေါ်ရှိ အောင်မင်္ဂလာ ဘိုးတော်ကျောင်းကနေ ဟာလျံ၊ ဆွန်လုံ၊ ချောင်းဆုံ စတဲ့ သုံးရွာက ဒေသခံတွေ နေရပ်ပြန်ကြတာဖြစ်ပြီး ချောင်းဆုံရွာကတော့ ဟာလျံနဲ့ ဆွန်လုံရွာတွေမှာ ပြန်ခိုလှုံရမှာဖြစ်ပြီး နေရပ်ပြန် စစ်ရှောင်တွေကို နှလုံးသားပရဟိတအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်းက သိရပါတယ်။ 

သီပေါမြို့နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းဖြစ်တဲ့ RCSS နဲ့ TNLA, SSPP ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ လချီကြာနေပြီဖြစ်ပြီး စစ်ဖြစ်ရာနေရာ အနီးအနားရွာတွေက လက်ရှိထိ တိမ်းရှောင်နေကြရတဲ့အပြင် လုပ်ကိုင်စားသောက်လို့ မရတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

Pra Jaw

Photo - နန်းဥမ္မာ

2 weeks Ago
More News
Up