စစ်ရေးလေ့ကျင့်မှု

November 5, 2022

အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုသက်တမ်းတိုးသည့်အပေါ် မြောက်ကိုရီးယားတုံ့ပြန်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ လေတပ်စစ်ရေးလေ့ကျင့်မှုကို သက်တမ်းတိုးလိုက်တာဟာ အလွန်အန္တရာယ်များပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်သလို အဲဒီ နှစ်နိုင်ငံဟာ သူတို့လုပ်ခဲ့တဲ့ ဆိုးရွားတဲ့အမှားကြီးကို သိလာရတော့မယ်လို့ မြောက်ကိုရီးယားကပြောကြားလိုက်ပါတယ်။

သူတို့ဟာ အခြေအနေကို ထိန်းမနိုင်သိမ်းမရဖြစ်အောင် ဒရောသောပါး လုပ်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ပတ်ခ်ဂျွန်ချွန်းက ပြောပါတယ်။ 

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နောက်ပြန်ဆုတ်လို့ မရနိုင်တဲ့ ဆိုးရွားတဲ့ အမှားတခုကို လုပ်မိခဲ့တယ်ဆိုတာကို တွေ့ရလိမ့်မယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA ရဲ့ ထုတ်ပြန်ချက်တခုမှာ ပတ်ခ်က ပြောခဲ့ပါတယ်။ သူဟာ အရင်ကလည်း စစ်ရေးလေ့ကျင့်မှုတွေကို ရပ်တန့်ဖို့ ကြေညာချက် ထုတ်ခဲ့ဖူးပါတယ်။

အောက်တိုဘာ ၃၁ ရက်ကတည်းက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ F-35 တိုက်လေယာဉ်တွေ အပါအဝင် တောင်ကိုရီးယားနဲ့ အမေရိကန် စစ်လေယာဉ် ရာပေါင်းများစွာနဲ့ ၂၄ နာရီလုံးလုံး အသွင်ပုံစံတူမစ်ရှင်တွေ ပါဝင်တဲ့ အကြီးမားဆုံး လေကြောင်း စစ်ရေးလေ့ကျင့်မှုတွေထဲက တခုကို လုပ်ဆောင်နေတာပါ။

မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ တိုက်ချင်းပစ်ဒုံးကျည် ICBM ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ အမေရိကန် မဟာမိတ်တွေဟာ လေ့ကျင့်မှုပြီးဆုံးဖို့ စီစဉ်ထားပြီးဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်မှာ သက်တမ်းတိုး လေ့ကျင့်ရေးလုပ်ဖို့ သဘောတူခဲ့ကြကြောင်း တောင်ကိုရီးယားလေတပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန် ကိုယ်ပျောက်လေယာဉ် အသွင်ယူ တိုက်ခိုက်မှုတွေဟာ အခုသီတင်းပတ်အတွင်း စံချိန်တင် ဒုံးကျည်အရေအတွက်ကို စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားကြောင့် ဖြစ်နိုင်ခြေအရှိဆုံးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမဲ့ ပြုံယမ်းဟာ အလားအလာရှိတဲ့ နျူးကလီးယား စမ်းသပ်ပစ်ခတ်မှု မတိုင်ခင် အခြေအနေတင်းမာအောင် အကျပ်ကိုင်မှုကို တိုးမြှင့်နိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

4 weeks Ago

August 3, 2022

ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ လာရောက်နေချိန် တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ် ပြစ်တင်ရှုတ်ချ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီ လာရောက်လည်ပတ်နေချိန် တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၃ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

‘မဆင်မခြင်’ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ရဲ့ လေကြောင်းနဲ့ ရေပြင်ပိုင်နက်ကို ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေပြီး နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို စိန်ခေါ်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆွန်လိဖန်းက ပြောပါတယ်။

တရုတ်နိုင်ငံဟာ သတင်းမှားတွေ ဖြန့်ဝေရာမှာ ဆက်ပါနေပြီး နိုင်ငံသားတွေဟာ အင်တာနက် ကောလာဟလတွေကို မယုံကြည်သင့်ဘူးလို့ ဆွန်က သတိပေးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ပြီး သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်သွတ်သွင်းရေး အင်အားသုံးမယ့်နည်းလမ်းကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။

ပေလိုစီရဲ့ ခရီးစဉ်အပေါ် ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူဖို့ အကြောင်းပြချက်အနေနဲ့ အသုံးမပြုဖို့ အမေရိကန်က တရုတ်ကို သတိပေးထားပါတယ်။

4 months Ago
More News
Up