နာဂေါ်နို-ခါရာဘတ်ဒေသက စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး အဇာဘိုင်ဂျန်နဲ့ ရုရှား ခေါင်းဆောင်တွေနဲ့ သဘောတူစာချုပ်ကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ လက်မှတ်ရေးထိုးလိုက်တယ်လို့ အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်းယန်က ပြောလိုက်ပါတယ်။
စစ်ရေးနယ်ပယ်က အကောင်းဆုံးပညာရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးအပြီး တိုက်ပွဲ အခြေအနေကို နက်နက်ရှိုင်းရှိုင်း သုံးသပ်အပြီးမှာ ဆုံးဖြတ်လိုက်တာလို့ သူက လူမှုကွန်ရက် မီဒီယာပေါ်ကနေ ပြောပါတယ်။
“ဒါဟာ အောင်ပွဲ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ရှုံးတယ်လို့ မသတ်မှတ်ရင် အရှုံးမဟုတ်ဘူး။ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ နှိမ်နင်းခံရတယ်လို့ မစဉ်းစားဘူး။ ဒါဟာ နိုင်ငံသွေးစည်းမှုနဲ့ ပြန်လည်မွေးဖွားမှု ခေတ်သစ်ရဲ့အစ ဖြစ်လာသင့်တယ်။”
ရုရှားအစိုးရ ပြောခွင့်ရက ဒီသတင်းကို အတည်ပြုတယ်လို့ ရုရှားသတင်းဌာနတွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ အစီရင်ခံနေကြပါတယ်။
ရုရှားသမ္မတ ပူတင်ကလည်း ဒီသတင်းကို အတည်ပြုပေမဲ့ အဇာဘိုင်ဂျန် အစိုးရဘက်က ချက်ချင်း တရားဝင်တုံ့ပြန်မှု မရှိသေးပါဘူး။
အချိန် ၁ လကျော်ကြာပြီး လူထောင်ချီ သေဆုံးတဲ့ စစ်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့ သဘောတူခဲ့တယ်လို့ နာဂေါ်နို-ခါရာဘတ်ဒေသ ခေါင်းဆောင်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
အဇာဘိုင်ဂျန် တပ်တွေရဲ့ အကြီးအကျယ် တိုက်ခိုက်မှုနဲ့ ထိုးစစ်ကို သီတင်းပတ် ၆ ပတ်ကြာ ရင်ဆိုင်အပြီး ကြေညာချက် ထွက်လာတာပါ။
အဇာဘိုင်ဂျန် အစိုးရက နာဂေါ်နို-ခါရာဘတ်ဒေသထဲက ဗျူဟာမြောက် အချက်အချာကျပြီး ဒုတိယအကြီးဆုံး ဖြစ်တဲ့ ရှုရှမြို့ကို သိမ်းပိုက်ကြောင်း ကြေညာအပြီးမှာ နောက်ထပ် ရပ်ကွက် ဒါဇင်ပေါင်းများစွာကို သိမ်းခဲ့ပြီးပြီလို့ နိုဝင်ဘာ ၉ ရက်က ကြေညာပါတယ်။
အဇာဘိုင်ဂျန် အစိုးရကတော့ ၁၉၉၁-၉၄ စစ်ပွဲအတွင်း ဆုံးရှုံးခဲ့တဲ့ နာဂေါ်နို-ခါရာဘတ် ဒေသ ပတ်လည်က မြေအများအပြားကို စက်တင်ဘာ ၂၇ ကစပြီး ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အာမေးနီးယား အစိုးရကတော့ အဇာဘိုင်ဂျန်က သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ နယ်မြေ ပမာဏကို ငြင်းဆိုခဲ့ပါတယ်။
2 years Ago