စစ်ရေးဆိုင်ရာလှုပ်ရှားမှု

A d v e r t i s e m e n t With Us

October 30, 2020

စစ်ရေးလှုပ်ရှားမှုများ နိုဝင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက လွဲလို့ ကျန်နယ်မြေတွေမှာ   စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို  နိုဝင်ဘာ ၃၀  ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ ညနေ  ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့နဲ့  ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေနဲ့ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ ဆိုပါတယ်။ ခုအခါ နိုင်ငံတော်မှာ ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုတွေ နေ့စဉ်တိုးပွားနေတဲ့အပြင်  နိုဝင်ဘာ ၈ ရက်မှာလည်း  နိုင်ငံတော်အတွက်အရေးကြီးတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့  မြန်မာ့တပ်မတော်အနေနဲ့  ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေနဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ နိုင်ငံတော်နဲ့ အမျိုးသားအကျိုးစီးပွားအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက် နေတာလို့ဆိုပါတယ်။ AA ၊ TNLA နဲ့  MNDAA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တဖက်သတ်အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ ခုလိုတပ်မတော်ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဘက်ကပါ အပစ်အခတ်ရပ်စဲကြောင်း အသီးသီးကြေညာနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေကတော့ မရပ်မနား ဆက်လက်ဖြစ်ပွားနေပါတယ်။  ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ ကမ္ဘာတဝန်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်ကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။ Photo Credit-DSINFO
3 months Ago
Up