စစ်ယာဉ်တန်း မိုင်းဆွဲခံရ

October 7, 2021

ထီးချိုင့်မြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ယာဉ်တစ်စီး မီး‌လောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မန္တလေး-ဗန်းမော်လမ်း တကောင်းလမ်းခွဲအနီးမှာ အောက်တိုဘာ ၇ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံတဦးက “ပစ်ကြတာတော့ ည ၁၂ နာရီကျော် ၁ နာရီ ဝန်းကျင်လောက်ဖြစ်ဖို့များတယ်ဗျ။ ပထမ အသံအကျယ်ကြီး ပေါက်ကွဲအသံတွေ ကြားရတယ်။ ဖြစ်တာက စစ်ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ကြတာလို့တော့ သတင်းရတယ်လေ။ ဘယ်အဖွဲ့ဆိုတာတော့ အတိကျ မသိဘူးပေါ့။ စစ်ကောင်စီဘက်က အကျဆုံးများနိုင်တယ်လို့လည်း ကြားရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထီးချိုင့်မြို့နယ်အတွင်း ရဲစခန်းတွေကို ဒေသခံ PDF တွေက ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် စစ်အင်အားတိုချဲ့လာတာဖြစ်ပြီး ဒေသခံပြည်သူကာကွယ်ရေးတပ်တွေကလည်း ညချိန်သွားလာတာ မပြုလုပ်ကြဖို့ အသိပေးစာတွေ  ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း စစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

2 weeks Ago
Up