စစ်မော်

September 14, 2021

စစ်တိုက်ကြတော့မယ့်အခါ

အခုကာလကြီးမှာ စစ်တိုက်မှာကို ဘယ်နိုင်ငံကမှ အားမပေးပါ။ အထူးသဖြင့် စစ်တိုက်ခြင်းအားဖြင့် ဖြစ်ပေါ်လာမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေကို ဘယ်သူကမှ တာဝန်ယူပြီး ဖြေရှင်း ပေးချင်စိတ်မရှိပါ။ ဒါကြောင့်မို့လို့ စစ်တိုက်တာကို ဘယ်နိုင်ငံတကာအသိုက်အဝန်းကမှ အားပေးထောက်ခံမှာ မဟုတ်ပါဘူး။ 

COVID-19 ကြောင့် ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေးကို ပြန်ကုစားဖို့၊ ဆိုင်ရာ နိုင်ငံတွေရဲ့ လူမှုစီးပွား ဆိုင်ရာကိစ္စရပ်တွေကို ကုစားဖို့အတွက် အလုပ်ရှုပ်နေကြတဲ့ တိုင်းပြည်တွေဟာ မြန်မာလို နိုင်ငံမှာ full-blown civil war ဖြစ်ပြီး လူသန်းချီ ထွက်ပြေးရနိုင်တဲ့ ကိစ္စရပ်မျိုးကို “ကောင်းတယ် ချချ” လို့ ဘယ်လိုနည်းနဲ့မှ ပြောမှာလည်းမဟုတ်ပါ။ 

ဒီလိုပြောလို့ စစ်တိုက်တာ မှားတယ်ဆိုတာမျိုးမဟုတ်ပါ။ တိုက်မှကိုရမှာမို့ စစ်တိုက်မယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ကြပြီးဖြစ်တာမို့၊ ကိုယ့်အနေနဲ့ တတ်နိုင်သမျှ ကူညီထောက်ပံ့ပို့ပဲရှိပါတယ်။ ဒီလိုပြောလို့လည်း ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို မစဉ်းစားဘဲ ဒီနေ့ပဲ နေပြည်တော် သိမ်းတော့မလိုလိုနဲ့ အိပ်မက် မက်နေတဲ့ ပုံစံမျိုးတော့လည်း မဟုတ်ပါ။ 

စစ်တိုက်တယ်ဆိုတာ အလွန်အကုန်အကျများတဲ့ ကိစ္စတစ်ခုလည်းဖြစ်တယ်။ ၂၁ ရာစုမှာ စစ်တိုက်ခဲ့တာ အာဖဂန်နဲ့ အီရတ်ရှိတယ်။ လစ်ဗျားမှာ R2P နဲ့ ဝင်တယ်။ ဆီရီးယားရှိတယ်။ ဒါကလွဲရင် တခြားမရှိ။ အခုလည်း အဲဒီ နေရာတွေ ဘာဖြစ်နေသလဲ မြင်နိုင်ပါလိမ့်မယ်။

စစ်တိုက်တယ်ဆိုတဲ့နေရာမှာ သမ္မတက လွှတ်တော်ကနေ စစ်ကြေညာတာကိုပဲ အများက မြင်လေ့ရှိကြတယ်။ အဲဒီကြေညာချက်ရဲ့ နောက်ကွယ်မှာ ဒေါ်လာ ထရီလီယံနဲ့ချီတဲ့ အကျိုးစီးပွားတွေရှိတယ်။ ဝန်ကြီးဌာနတွေရဲ့ အကျိုးစီးပွား၊ military-industrial complex ရဲ့ အကျိုးစီးပွားတွေ တစ်သီတစ်တန်းကြီးရှိပါတယ်။ အာဖဂန်နဲ့ အီရတ်ကို စစ်တိုက်တာ ရီပတ်ဘလစ်ကန် သမ္မတပါ။ ရီပတ်ဘလစ်ကန်ဒိုနာတွေဟာ ယေဘုယျအားဖြင့်က ရေနံကုမ္ပဏီကြီးတွေပါ။ စဉ်းစားကြည့်လေ မြင်သာလာလေပါ။ အီရတ်ကို သိမ်းပြီးတဲ့အခါ ဘုရှ်အစိုးရက လစ်ဘရယ်လိုက်ဇေးရှင်း ပလန်အကြီးကြီးယူချလာပြီး၊ အီရတ်စီးပွားရေးကို စိတ်ကြိုက်ပုံဖော်ပါတယ်။ ကျန်တာတွေကိုတော့ ဆက်သာ ဖတ်ကြည့်ပါ။ 

ဆိုလိုချင်တာက - စစ်အေးခေတ်မဟုတ်တော့တဲ့အတွက် ဒီမိုကရေစီအတွက် စစ်မတိုက်တော့ပါ။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ လူသားမျိုးနွယ်တို့ ဘာတို့ ညာတို့ဟာ ဖိုရမ်တွေ၊ ကြေညာချက်တွေ အစည်းအဝေးတွေမှာ နားထောင်ကောင်းရုံ၊ လူကြားကောင်းရုံ ပြောကြပေမဲ့ အဲဒီဟာတွေအတွက် လက်တွေ့ကျကျ လုပ်ပါဆိုတဲ့ အချိန်ကျရင် အကျိုးစီးပွားသည်သာလျှင် ဦးထိပ်ပန်ရာ ဖြစ်ကုန်တာပါပဲ။ 

မြန်မာမှာ အဲဒီနိုင်ငံကြီးတွေအတွက် ဘာအကျိုးစီးပွားမှမရှိပါ။ မြန်မာမှာ အဓိက အကျိုးစီးပွားရှိတာ တရုတ်သာလျှင်ဖြစ်ပါတယ်။ မြန်မာဟာ geopolitics အရ အရေးပါမှု အထိုက်အလျောက်ရှိပေမယ့်၊ နိုင်ငံကြီးတွေရဲ့ မျက်လုံးနဲ့ကြည့်ရင် အရမ်းထူးခြားနေတာတော့လည်း မဟုတ်ပါ။

မြန်မာကိစ္စမှာ နိုင်ငံတကာဆိုတဲ့ နိုင်ငံတွေရဲ့ တုံ့ပြန်ပုံကိုကြည့်ရင်းတချို့တွေက “ဟာ ဒီမိုကရေစီအတွက် ဒီလောက်တောင် မလုပ်ကြဘူးလား” ဆိုပြီး အံ့ဩ၊ စိတ်ပျက်ကြပါတယ်။ တစ်ကယ်တော့ ဒါတွေဟာ ဘာမှ အံ့ဩရမယ့်ကိစ္စတွေမဟုတ်သလို၊ စိတ်ပျက်ဖို့လည်းမရှိပါဘူး။ ဒီလိုပဲ ဖြစ်လာတာ အခုမှလည်းမဟုတ်ပါဘူး။ ကိုယ်တွေဆီမှာသာ ပရင်ဆင်ပယ်တွေကို ကိုးကွယ်လွန်းရာက လက်တွေ့ကျတဲ့ ပါဝါနိုင်ငံရေး၊ အကျိုးစီးပွား နိုင်ငံရေး၊ realpolitik တွေကို မေ့သွားကြတော့တာ။ 

(ခပ်ကြမ်းကြမ်းပြောရရင်) ဟိုမျှော်၊ ဒီမျှော်နဲ့ မျှော်တော်ယောင်လုပ်ရင်း naïve ဖြစ်နေလို့မရတော့ပါဘူး။ လက်တွေ့ကျကျ စဉ်းစားရပါတော့မယ်။ 

ပြည်သူက စိတ်အားအရမ်းတက်ကြွနေလို့ပဲဖြစ်ဖြစ်၊ ဒီလမ်းကို ရွေးမှကို ရတော့မယ်လို့ ဆုံးဖြတ်လိုက်ကြလို့ပဲဖြစ်ဖြစ် သေချာတာတစ်ခုက အခုတိုက်မယ့် စစ်ဟာ ပြည်သူတွေအတွက် နှစ်ဆ ဝန်ထုပ်ရှိတယ်လို့ မြင်ပါတယ်။ ပထမတစ်ခုကတော့ စစ်တိုက်ရာမှာ ပါဝင်ကြမှာမို့၊ စစ်က‌ တောင်းဆိုလာမယ့် ရင်းမြစ်တွေကို ပြည်သူက ပေးရဖို့ပါ။ ဘယ်သူကမှ လာပေးမှာမဟုတ်ပါ။ နောက်တစ်ခုကတော့ စစ်ကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို ခါးစီးခံဖို့ပါ။ အခုလိုပြောနေတဲ့ အထဲမှာ ကိုယ့်မိသားစုလည်း ပါပါတယ်။ 

အထက်မှာပြောသလိုပဲ နိုင်ငံတကာ အသိုက်အဝန်း၊ ဒေသတွင်းနိုင်ငံတွေ၊ တရုတ်လို ဒေသတွင်းအင်အားကြီးနိုင်ငံတွေက မြန်မာပြည်မှာ full-blown civil war ဖြစ်မှာကို မလိုလား၊ အဲဒီအကျိုးဆက်တွေကို ရင်မဆိုင်လိုတဲ့အတွက် မြန်မာပြည်သူတွေနဲ့ NUG ဟာ ကိုယ့်အားကိုယ်ကိုးပြီး စစ်တိုက်မယ် ဆိုရင်တောင် လက်နက်ဝယ်လို့ မရအောင်၊ သို့မဟုတ် မခက်ခက်အောင် မလုပ်ဘူးလို့ မပြောနိုင်ပါဘူး။ 

ဇွန်လတုန်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံသို့လက်နက်များရောက်ရှိမှုထိန်းချုပ်ရေးဆိုတဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်လုပ်ခဲ့တာ မှတ်မိမှာပါ။ အဲဒီ ဆုံးဖြတ်ချက်မှာ “မြန်မာ” လို့ပြောတာဖြစ်တဲ့အတွက် SAC တင်မကဘဲ၊ စစ်တိုက်မယ့် အစုအဖွဲ့အားလုံးနဲ့ သက်ဆိုင်လာတာပါပဲ။ ဒီဆုံးဖြတ်ချက်ကြောင့် လက်နက်ဈေးတွေ တက်လာတာပါပဲ။ သယ်ရပို့ရ ခက်လာတာပါပဲ။ 

ခြုံငုံရရင် လမ်းကြောင်းတစ်ခုကို ရွေးလိုက်ပြီးတဲ့နောက်မှာ ဆုံးအောင်လျှောက်ကြရမှာပါပဲ။ လျှောက်တဲ့အခါမှာ လက်တွေ့ကျတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး၊ ပြင်ဆင်သင့်တာကို တတ်နိုင်သမျှ ကြိုတင်ပြင် ဆင်ကြဖို့သာပါပဲ။ စိတ်အားတက်ကြွလွန်းပြီး အခြေအနေမှန်ကို လက်တွေ့ကျကျ မမြင်နိုင်ခြင်းက အကျိုးထက် အဆိုးသာများနိုင်တယ်ထင်လို့ ရေးမိခြင်းပါ။

စစ်မော် 

1 month Ago

August 11, 2021

မြန်မာစစ်တပ်ရဲ့ Raison D'etre

စစ်အာဏာဘာလို့သိမ်းသလဲဆိုတဲ့ မေးခွန်းကို နိုင်ငံတကာသံတမန်တွေကြားမှာ မကြာခဏမေးလေ့ရှိတယ်။ လွယ်လွယ်ဖြေတဲ့အဖြေကတော့ “အာဏာရူးလို့” “အာဏာလိုချင်လို့” ဆိုတာပါပဲ။ ဒါလည်းဟုတ်တယ်။ ဒီ ထက်ပိုပြီး နက်ရှိုင်းတဲ့ အကြောင်းအရင်းတွေရှိတယ်လို့ ငြင်းချက်ထုတ်ချင်ပါတယ်။ သေချာလေ့လာရမယ့် သဘောတရားဖြစ်ပေမယ့်၊ အခုတော့ အမြည်းလောက် ဆဝါးကြည့်လိုက်ပါတယ်။

နိုင်ငံရေးဘောဂဗေဒ (political economy) နဲ့ နိုင်ငံရေးလူမှုဗေဒ (political sociology) ရှုထောင့် တွေကနေ ကြည့်ရင် မြန်မာစစ်တပ်ရဲ့ raison d’etre ကို တွေ့နိုင်တယ်။ 

နိုင်ငံရေးဘောဂဗေဒရှုထောင့်က ကြည့်ရင် - စစ်တပ်ဟာ နိုင်ငံရဲ့ ရင်းမြစ်တွေကို ထိန်းချုပ်နိုင်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်လိုတယ်။ မြေကြီးထဲကထွက်တဲ့ ရင်းမြစ်တွေကိုသာမကဘဲ လူ့စွမ်းအားရင်းမြစ်တွေကိုပါ ထိန်းချုပ်ချင်တယ်။ မြန်မာဆိုတဲ့ ပေါ်လတီ (polity) ထဲမှာ ရင်းမြစ်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ စစ်တပ်ရဲ့ discourse အတိုင်းပဲ စီမံခန့်ခွဲလိုတယ်။ ဒီလို စီမံခန့်ခွဲခွင့်ကို စိုးမိုးထားခြင်းအားဖြင့် စစ်တပ်ဟာ နိုင်ငံတော်ထဲက နိုင်ငံတော် (state within the state) ဖြစ်လာတယ်။ စစ်တပ်နဲ့ နိုင်ငံတော်ကို ခွဲထုတ်လို့မရအောင် ပူးကပ်ထားလိုက်တယ်။ ဒါကြောင့် စစ်ခေါင်းဆောင်အဆက်ဆက်က နိုင်ငံတော်လို့ သုံးရင် စစ်တပ်အင်စတီကျူးရှင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့သုံးတာကိုပဲ တွေ့ရတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ် နောက်ခံရှိထားတဲ့နိုင်ငံမှာ တခြားလက်နက်ကိုင် အင်အားစုတွေဆီကို ရင်းမြစ်တွေ ခွဲပေးထားဖို့ လိုအပ်တယ် ဆိုတာကို စစ်တပ်က နားလည်တယ်။ ဒါပေမဲ့ ခွဲတဲ့နေရာမှာ စစ်တပ်ရဲ့ terms နဲ့ပဲသွားမယ်။ Ceasefire Capitalism (Woods, 2011) မှာ ဒီသဘောတရားကို သွားတွေ့တယ်။ တစ်နည်းဆိုရရင် - စစ်တပ်ရဲ့ political economy အပေါ်မှာ စီမံခန့်ခွဲပုံပဲ။ တခြား အရပ်သားတွေက ဝင်ပြီး စီမံတာ၊ အရပ်သားတွေရဲ့ terms နဲ့ သွားတာကို စစ်တပ်က လုံးဝမလိုလားဘူး။ 

စစ်တပ်/ဦးပိုင်ကလုပ်တဲ့ စီးပွားရေးတွေက စစ်တပ်ကို တိုက်ရိုက်အကျိုးရှိစေတဲ့ အကျိုးစီးပွားမျှသာပဲ။ ရေခဲစိုင်ဥပမာနဲ့ပြောရရင် ထိပ်ဖျားလောက်ပဲ။ စစ်တပ်တစ်ကယ်လိုချင်တာက အဲဒီထက် အများကြီးပိုတယ်။ ရေထဲမှာ မြုပ်နေတဲ့ အစိုင်အခဲကိုပါ ထိန်းချုပ်ချင်တာ။ ပြီးခဲ့တဲ့ ၅ နှစ်မှာ အရပ်သားအစိုးရက (အပေါ်ယံဆန်လွန်းပြီး မသိမှုကြီးတဲ့ CSO တွေဘယ်လောက်ပဲ ပေးစားနေနေ) စစ်တပ်ရဲ့ အချက်အချာအကျိုးစီးပွား (core interests) တွေကို ၂၀၀၈ အောက်မှာပဲ ပညာသားပါပါ လျှော့ခဲ့တယ်။ မြင်သာတဲ့ ဦးပိုင်လိုမျိုး၊ တိုက်ရိုက်ဆန်တဲ့ အကျိုးစီးပွားတွေကို သိပ်မထိခဲ့ဘူး။ တမင်မထိခဲ့တာလို့ မှတ်ယူလို့ရတယ်။ ဒါကို စစ်တပ်က ရိပ်စားမိတယ်။ ထွေအုပ်ကို ရွှေ့တဲ့ကိစ္စက လူသိများလို့သာ နာမည်ထွက်ပေမယ့် တခြားမြောက်များစွာရှိတယ်။ ဘာလို့ဆို ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီးမှာ NLD အစိုးရလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေ၊ ဥပဒေပြုရေးကဏ္ဍက ပြုပြင်ပြောင်းလဲမှုတွေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်တာ။ 

နိုင်ငံရေးလူမှုဗေဒရှုထောင့်ကြည့်ရင် - စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ လူမှုဓလေ့နယ်ပယ်ကိုပါ စိုးမိုးလိုတယ်။ မြောက်ကိုရီးယားလောက် ဆိုးဖို့ အစီအစဉ်ရှိပုံမရပေမယ့်၊ မြန်မာပြည်သူတွေရဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်၊ လူမှုဓလေ့ဆိုင်ရာ နှုန်းစံတန်ဖိုးတွေကို စစ်တပ်ရဲ့ discourse အောက်မှာပဲ လည်ပတ်စေချင်တယ်။ ပြီးခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်အတွင်းမှာ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးအသိနဲ့ လစ်ဘရယ်စံနှုန်းတွေဟာ တော်တော်ကြီးကို တိုးတက်ခဲ့တာ။ နှစ်ပေါင်း ၆၅ နှစ်စာ နောက်ကျခဲ့မှုနဲ့ ယှဉ်ကြည့်ရင် ပြီးခဲ့တဲ့ ၅ နှစ်ဟာ ပေးရတဲ့အချိန်နဲ့ရလဒ်ကြားမှာ ရလဒ်ကတော်တော်သာတယ်။ ပြီးခဲ့တဲ့ ၅ နှစ်မှာ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် တစ်ဦးချင်းလွတ်လပ်ခွင့်မှာ မြန်မာက တော်တော်ရှေ့ရောက်တယ်။ ဒီနေ့ နွေဦးတော်လှန်ရေးကို အဲဒီ တိုးတက်မှုတွေနဲ့ အသက်ဆက်နေတာ။ 

ဒီ liberalization ကို စစ်တပ်က လုံးလုံးသဘောမကျဘူး။ စစ်တပ်ဟာ သူတို့ အဓိပ္ပါယ်ဖွင့်တဲ့ ဘာသာရေးအိုင်ဒီယိုလိုဂျီ (ဗုဒ္ဓကဘာပဲဟောခဲ့ဟောခဲ့)၊ သူတို့ အဓိပ္ပါယ်ဖွင့်တဲ့ အမျိုးသားရေးဝါဒ/မျိုးချစ်စိတ်၊ သူတို့အဓိပ္ပါယ်ဖွင့်တဲ့ ဒီမိုကရေစီနဲ့ပဲ လူမှုဓလေ့စံနှုန်းတွေကို လည်ပတ်စေချင်တာ။ ၂၀၀၈ အောက်မှာ အဲဒီ course ကို ရအောင်ထိန်းမယ်လို့ အကြံရှိတယ်။ NLD အစိုးရဟာ လောကီသီးသန့်နိုင်ငံတော် (secular state) ကို ချက်ချင်းကြီးတည်ဆောက်လို့မရတာ သိတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို ယခင် အုပ်ချုပ်ခဲ့သူများလိုပဲ ဦးထိပ်ထားတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ ဗားရှင်းတော့မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗုဒ္ဓဘာသာကို “ပညာသိ”နဲ့ နားလည်တဲ့ သူတစ်ယောက်။ သို့တိုင်အောင် စစ်တပ်က ဘဝင်မကျဘူး။ သာဝန် ဦးအောင်ကို ကို မဲတာဒီကိစ္စပဲ။ အခုပဲ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က ဗုဒ္ဓဘာသာဝင်တွေ စိတ်ညှိုးနွမ်းတယ်ဘာညာ ပြောနေတာ။ အဲဒါ စစ်တပ်ရဲ့ ဗားရှင်းကို မ.ဘ.သ နဲ့အတူ ချုပ်ငြိမ်းစေခဲ့လို့ မချိတင်ကဲ ထွက်လာရတဲ့အသံ။

ခြုံငုံရရင် - ပြီးခဲ့တဲ့ ၅ နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေဟာ နိုင်ငံရဲ့ နိုင်ငံရေးဘောဂဗေဒနယ်ပယ်မှာရော၊ နိုင်ငံရေးလူမှုဗေဒနယ်ပယ်မှာရော စစ်တပ်ကို အတွဲညီညီစိန်ခေါ်ခဲ့တာ။ (၂၀၀၈ အောက်ကိုဝင်တာ မှားတယ်ဆိုပြီး ပေါက်ကရ လျှောက်ပြောနေသူတွေ သေချာနားလည်ဖို့လိုတဲ့အချက်ပဲ။) ဒီမိုကရေစီအကူးအပြောင်းရဲ့ သိမ်မွေ့ကြွပ်ဆတ်တဲ့ သဘောသဘာဝတွေကြောင့် NLD အစိုးရက သိမ်မွေ့တဲ့ နည်းလမ်းတွေသုံးခဲ့တယ်။ ရည်ရွယ်ချက်က နိုင်ငံကို စစ်တပ်နဲ့ ပူးကပ်ထားရာကနေ ခွာဖို့ ကြိုးစားခဲ့တာပဲ။ တစ်နည်းပြောရရင် စစ်တပ်ရဲ့ raison d’etre ကို စိန်ခေါ်ခဲ့တယ်။ ဒါကြောင့် စစ်တပ်မှာ ရွေးချယ်စရာမရှိတော့ဘူး။ အာဏာသိမ်းမှကိုရမယ့် အခြေအနေ ဆိုက်တာပါပဲ။ မဲစာရင်းတို့ ဘာတို့က ဘယ်သူမှ ယုံနိုင်စရာမရှိတဲ့ ပေါ့ပျက်ပျက် အကြောင်းပြချက်တစ်ခုမျှသာပါပဲ။

စစ်မော်

2 months Ago
Up