စစ်မိစ္ဆာတွေလက်အောက်ကနေ

August 27, 2021

"နိုင်ငံတော်ဟာ စစ်မိစ္ဆာတွေလက်အောက်ကနေ လွတ်မြောက်ဖို့လိုအပ်နေတယ်”- ဆောင်းဦးလှိုင်

အဆိုတော်ဆောင်းဦးလှိုင်ဟာ မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက်  တကိုယ်တော် ဂီတဖျော်ဖြေပွဲကို ဩဂုတ် ၂၉ ရက်နေ့ကစပြီး  အမေရိကန်နိုင်ငံအနှံ့ လှည့်လည်ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ အခုလို တကိုယ်တော် နယ်လှည့်ဖျော်ဖြေပွဲပြုလုပ်ရတဲ့ ရည်မှန်းချက် သူ့ရဲ့  အနုပညာနဲ့ နိုင်ငံရေးခံယူချက်တွေနဲ့ပတ်သက်ပြီး အဆိုတော် ဆောင်းဦးလှိုင်ကို ဒီဗွီဘီ သတင်းထောက် ရဲဝင့်သူက ဆက်သွယ်မေးမြန်းထားပါတယ်။(အပြည့်အစုံ)

မေး။ အရင်ဆုံး နွေဦးတော်လှန်ရေး  ရန်ပုံငွေရှာဖွေရေးခရီးစဉ် ဘာကြောင့် စလုပ်ဖို့ စဉ်းစားဖြစ်တာလဲ အဲဒါ ပြောပြပါလား။

ဖြေ။ “နွေဦးတော်လှန်ရေး အစကတည်းက နှိုးဆော်တဲ့ လုပ်ငန်းတွေ ကျနော်တို့ လုပ်ခဲ့ပြီးတော့ အလှူငွေလိုအပ်လာတဲ့ အချိန်မှာလည်း ကျနော်ကိုယ်တိုင် ကျနော့်ဝင်ငွေတွေနဲ့ ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်ပြီးတော့ ကျနော် လှူခဲ့တန်းခဲ့တယ်။ နှိုးဆော်ပေးခဲ့တာတွေရှိတယ်။ အခု ၆ လ ၇ လ အကြာမှာတော့ ကျနော်ကိုယ်တိုင်လည်း ငွေတော်တော်ကုန်ခမ်းသွားခဲ့တယ်။ နှိုးဆော်တဲ့ လုပ်ငန်းတွေလည်း တော်တော်တော့ လုပ်နိုင်ခဲ့ပြီးပြီလို့ ကျနော်ယူဆတယ်လေ။ ဒါကြောင့် ကျနော် တခုပဲတတ်နိုင်တော့တယ်။  အဲဒါကတော့ ကျနော့် ပင်ကိုယ်မူလအလုပ်ဖြစ်တဲ့ အနုပညာအလုပ်နဲ့ ဘယ်လိုများ အကျိုးပြုနိုင်မလဲပေါ့ဗျာ၊ နွေဦးတော်လှန်ရေးကို၊ အဲဒါ ကျနော် စဉ်းစားစရာဖြစ်လာတယ်။ ကိုယ်လည်း သိပ်မလှူနိုင်တော့ဘူး။ ကိုယ့်အနုပညာတော့ လှူနိုင်သေးတယ်။ အတိုင်းအဆမရှိ လှူနိုင်သေးတယ်။ အဲဒါကြောင့် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးဖို့ ကျနော်ဆုံးဖြတ်လိုက်တာပါ။ ကျနော်အခု လောလောဆယ် ၁၁ မြို့ ၁၂ မြို့လောက်မှာ စီစဉ်ကျင်းပဖို့ ဖြစ်လာတာပေါ့ဗျ။ 

မေး။ ရန်ပုံငွေ ဘယ်လောက်လောက် ရမယ်လို့ အစ်ကိုမျှော်လင့်ထားတဲ့။ ရလာတဲ့ ရန်ပုံငွေတွေကိုရော အစ်ကိုဘယ်လိုနေရာမျိုးတွေမှာ သုံးမလဲ။

ဖြေ။ “ရန်ပုံငွေဘယ်လောက်ရမလဲလို့တော့ မခန့်မှန်းတတ်ဘူးပေါ့ဗျာ။ ဒီပွဲစဉ်ဆွဲကတည်းက ကျနော် ရည်ရွယ်ချက် ၂ ခုထားတယ်။ တခုက နယူးယောက်တို့၊ လော့စ်အိန်ဂျလိစ်တို့လို မြို့ကြီးတွေ မြန်မာတွေလည်း အများကြီး နေနေတယ်၊ နေတဲ့ သူတွေကလည်း ငွေကြေးတတ်နိုင်တဲ့ မြို့ကြီးတွေမှာတော့ ရန်ပုံငွေ များများရဖို့ မျှော်လင့်ထားတယ်။ အဲ တချို့မြို့အငယ်လေးတွေလည်း ကျနော်က သွားပေးရမယ်။ မြို့အသေးလေးတွေကျတော့ ကျနော်က ရန်ပုံငွေ အများကြီး ရရှိဖို့ထက် သူတို့နဲ့ တွေ့ဆုံဆွေးနွေး၊ နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့ နှိုးဆော်မှု၊ အကြံဉာဏ်၊ ရှေ့ဆက်ရမယ့် ခရီးစဉ်တွေ ဆွေးနွေးနှိုးဆော်ဖို့ ရည်ရွယ်ချက် ပိုထားတယ်။ ပမာဏဘယ်လောက်ရမလဲတော့ … မြန်မာနိုင်ငံအတွက်ပြောရရင်တော့ များများရလေ ကောင်းလေပေါ့။ ကျနော်က ဒီ နွေဦးတော်လှန်ရေး စကတည်းကိုက ငွေကြေးကို ကျနော်ကိုယ်တိုင် ကိုင်တွယ် လှူဒါန်းဆောင်ရွက်လေ့မရှိဘူး။ ကျနော်က နှိုးပဲ နှိုးဆော်ပေးတာ။ အဲတော့ ဘယ်လို သုံးမလဲလို့ ပြောရင် ကျနော်သွားတဲ့ မြို့တွေမှာ ဦးဆောင်ကျင်းပတဲ့ လူတွေ ရှိကြတယ်။ အဲဒီလူတွေနဲ့ ပရိသတ်ရဲ့ ဆန္ဒပေါ့။ ဥပမာပြောရရင်ဗျာ။ ချင်းလူမျိုးတွေနေထိုင်တာများတဲ့ ဒေသကို ကျနော်သွားမယ်။ အဲဒီအခါကျတော့ သူတို့က ချင်းပြည်နယ်ကို လှူချင်တယ်ဆိုရင် သူတို့သဘော။ ကရင်လူမျိုးတွေများတဲ့ ဒေသကို ကျနော်သွားဆိုမယ်။ အမေရိကားမှာပြောတာ။ အဲလိုဆိုရင် ကရင်ပြည်နယ်ကို လှူချင်တယ်ဆိုရင် ကရင်လူမျိုးတွေ၊ ကရင်လက်နက်ကိုင် တော်လှန်ရေးသမားတွေကို လှူချင်တယ်ဆိုရင် ကျနော်က သူတို့ဆန္ဒပဲ။”

“ကျနော့်အနေနဲ့ကတော့ ခင်မင်ရာခင်မင်ကြောင်းနဲ့ ကျနော်နဲ့ အနီးကပ် တော်တော်ကြာကြာကို ပူးပေါင်းဆောင်ရွက်လာတဲ့ PDF စခန်းလေး ၂ ခု ရှိတယ်။ အဲဒီ ၂ ခုကို လှူဒါန်းချင်ရင် ကျနော် ဆက်သွယ်ပေးမယ်။ ပေါင်းကူးတံတားပဲ။ ငွေက ကျနော့်ရဲ့ ဘဏ်အကောင့်ထဲကနေတောင် ဖြတ်မှာ မဟုတ်ဘူး။ အဲဒီ PDF စခန်းလေးတွေကို လှူဒါန်းနိုင်တဲ့ အကောင့်ရှိတယ်ဗျာ။ အဲဒီအကောင့်ပေးခဲ့လိုက်မယ်။ မြို့ခံတွေအနေနဲ့ စေတနာရှိရင် သူတို့ကို လှူလိမ့်မယ်။ နောက်တခုက ဘယ်လိုသုံးမလဲမေးရင်တော့ အားလုံးတော့ အားလုံးတော့ လှူမှာ။ ဒါပေမဲ့ တချို့မြို့လေးတွေမှာတော့ စရိတ်စက ပြန်နုတ်ရတာမျိုးရှိလာနိုင်တာပေါ့။ စရိတ်စကဆိုတာကတော့ ရှိတာပေါ့။ ဘယ်ပွဲမဆိုကျင်းပရင်။ ကျနော့်ယူဆချက်ကတော့ ကျနော်က ကျနော်တို့ အိပ်ကပ်ထဲကို လာပေးတဲ့ Tips Money လေးတွေ ပေးတာပေါ့။ တချို့ကလည်း စာအိတ်နဲ့ ပေးတယ်၊ တချို့ကလည်း ငွေအတောင့်လိုက်ပေးတာပေါ့။ အဲဒါတောင်မှာ ရာခိုင်နှုန်းတော်တော်များများကို ပြန်လှူမယ်။ ကျနော် မယူဘူး။ ဒါ ကျနော့်အတွက် သက်သက်ခံစားဖို့ လာပေးတာ။ ဒါတောင် ကျနော် မခံစားဘူး။ ဒါပေမဲ့ ဘာလေးတွေတော့ ခြွင်းချက်ရှိလာလဲဆိုတော့ဗျာ။ အခု ကျနော် စင်ပေါ်မှာ ဆိုမယ့် တီးမယ့်  ပစ္စည်းတွေအားလုံးက ကျနော် ဝယ်ယူတပ်ဆင်ထားတဲ့ ပစ္စည်းတွေ။ မနည်းမနောပဲ။ အဲတော့ အဲဒါကြောင့်မို့ အဲဒါ ကျနော် ရင်းလိုက်မယ်။ လမ်းမှာ ပျက်တတ်တယ်ဗျာ။ ကြိုးတွေ ပျောက်တတ်တယ်။ ဒါလေးအတွက်တော့ ကျနော် ပြန်လည် ဝယ်ယူဖြည့်တင်းရေးပဲ။ ကျန်တာတော့ ကျနော် Organizer တွေနဲ့ ညှိနှိုင်းပြီး ကျန်တာတော့ ကျနော်အကုန်ပြန်လှူမယ်။ ကျနော် မခံစားဘူး။ ဘာမှ ကျနော်ခံစားဖို့ မပါဘူး။ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းကိုတော့ ကျနော် အဲလို စဉ်းစားထားတယ်။ အဲ စဉ်းစားထားတယ် မဟုတ်ဘူး မြို့တွေနဲ့ သဘောတူထားပြီးတော့ ကျနော်တို့ ဆက်လက် အကောင်အထည်ဖော်မယ်ပေါ့။” 

မေး။ အစ်ကို အမေရိကားကို ဘယ်တုန်းက ရောက်တာလဲ။ ဘာတွေလုပ်နေလဲဆိုတာ ပရိသတ်သိအောင် ပြောပြပေးပါဦး။

ဖြေ။ “ကျနော်က အမေရိကားမှာ သီချင်းတွေ ၄၊ ၅ ကြိမ်လောက် လှည့်လည်သီဆိုခဲ့ဖူးပါတယ်။  ကျနော်နဲ့ အကျိုးပေးတဲ့ ပရိသတ်တွေ အမြောက်အမြားရှိတယ်ဗျ။ စင်ကာပူရယ်၊ အမေရိကားရယ်၊ ဩစတြေးလျရယ် ကျနော့်ကို တော်တော်အားပေးကြတယ်။ ကျနော်ဘာကြောင့် ဒီကိုရောက်လာတာလဲဆိုတော့ ဆွေမျိုးသားချင်းဗီဇာနဲ့ ကျနော်ရောက်လာတာ။ ကျနော့်ညီမလေးတို့ မိသားစုက ကျနော်တို့ ဆွေမျိုးတွေပေါ့။ ကျနော့်သားလေးနဲ့ သမီးလေး ပညာသင်ကြားခွင့်ရရေးအတွက်။ ကြာလှပြီ။ ကျနော်တို့ ၁၃ နှစ် တန်းစီခဲ့ရတယ်။ ဘယ်တုန်းကရောက်လဲဆိုတော့ ၂၀၁၉ နှစ်ဦးပိုင်းကရောက်တယ်။ ဒီနေရာမှာ ဖြည့်စွက်ပြောကြားဖို့ လိုတာကတော့ ကျနော် မလေးရှားမှာ ၅ နှစ်လောက်နေလိုက်သေးတယ်ခင်ဗျ။ ကျနော်ပြည်ပကို ထွက်ခွာလာတာ ၈ နှစ် ရှိပါပြီ။”

မေး။ အမေရိကားမှာ အစ်ကို ဘာတွေလုပ်နေရလဲ။ အနုပညာသမားဆိုတော့လေ။ 

ဖြေ။ “ကျနော့်ဘဝ အချိန်တွေ ဘယ်မှာကုန်လဲ ဆိုတော့ အများဆုံးကုန်တာက စတူဒီယိုအခန်း၊ အခုဆိုရင် မြင်နေရတာ ကျနော့်အိပ်ခန်းလေးနဲ့ တွဲထားတဲ့ စတူဒီယိုအခန်းပဲ။ အဲဒါ မြန်မာနိုင်ငံမှာပဲနေနေ၊ မလေးရှားမှာပဲ နေနေ၊ အမေရိကားမှာပဲနေနေ၊ အဲဒီ ပေ ၂၀ ပတ်လည်၊ ၁၅ ပေပတ်လည်အခန်းထဲက ကျနော်ဟာ အပြင်ကို ထွက်ခွင့်မရတာ နှစ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ ရက်ပေါင်းများစွာ။ ဘာကြောင့်လဲဆိုတော့ ကျနော်က စတူဒီယို အလုပ်လုပ်ရတာ။ အဲဒီလိုအလုပ်လုပ်မှလည်း ကျနော့်ဘဝက ဖြစ်လာလေ။ သီချင်းတွေ ထောင်ချီပြီးရေးခဲ့ရတယ်။ နောက်ပိုင်းကျ ကိုယ်တိုင် ရေး ဆို တီး ဖမ်း ထုတ်လုပ်တွေ လုပ်တော့ ဒီအခန်းထဲကနေ ကျနော်မထွက်ရဘူး။ မြန်မာပြည်တုန်းကလည်း စတူဒီယိုထဲက ကျနော်မထွက်ရဘူး။ ထွက်တဲ့အချိန်က ကျနော် ဘောလုံးသွားကန်မယ်။ အဲဒါ အသက် ၂၀ ကတည်းက ကျနော် ဖြတ်သန်းလာတာ။ အခု ကျနော် အသက် ၅၀ ပြည့်တော့မယ်။ နှစ် ၃၀ နီးပါး အဲလိုချည်း ကျနော် ပေးဆပ်လာလို့ ကျနော် မြန်မာ့ခေတ်ပေါ် တေးဂီတ ဈေးကွက်ထဲမှာ နှစ်ရှည်ရှည်လေး ကျနော် နေခွင့်ရတာပေါ့။ အဲဒီလောက် ကျနော့် ဘဝအချိန်တွေ ပေးခဲ့ရတယ်။ ဒါကြောင့် ဘယ်နိုင်ငံမှာပဲနေနေ ကျနော့်အတွက် သိပ်မထူးဘူး။ ဘောလုံးကွင်းထဲရောက်ရင် ကျနော်ပျော်တယ်။ ဒီစတူဒီယိုထဲမှာ ပျော်ပျော် မပျော်ပျော် ကျနော် အကျင့်ကို ဖြစ်သွားပြီ။ စဉ်းစားကြည့်ဗျာ။ နှစ်ပေါင်း ၃၀။ အဲ ရံဖန်ရံခါတော့ ဒီနိုင်ငံကိုရောက်တာ ကျနော် ဘာလေးခံစားရလဲ ဆိုတော့ လွတ်လွတ်လပ်လပ်ရှိတယ်။ တရားဥပဒေစိုးမိုးတယ်။ အပြင်လေးဘာလေးထွက်ရင်တော့ ကျနော်ဆိုရင် ဖလော်ရီဒါပြည်နယ်မှာ နေတာဖြစ်တဲ့အတွက် ကမ်းခြေလေး ဘာလေးတွေ့ရတယ်။ စိတ်ချမ်းမြေ့မှုနည်းနည်းဖြစ်တယ်။ ဒါလောက်ပါပဲ။ ဒီမှာအလုပ်မလုပ်တဲ့အတွက် ကျနော် ငွေတွေဘာတွေ အများကြီးမသုံးနိုင်တော့ဗျာ ရိုးရိုးသားသားပဲ နေထိုင်ကျင့်ကြံတော့ ကျနော့် သိပ်မထူးဘူးဗျ။ အမေရိကားမှာ နေနေရတာ။ အတူတူပဲလို့ ကျနော်ယူဆတယ်။”

မေး။ ကိုယ့်နိုင်ငံမှာ အာဏာသိမ်းတယ်။ ဒါပေမဲ့ ကိုယ်က ပြည်ပမှာ ရောက်နေတယ်။ တကယ့်အဝေးကြီးပေါ့ဗျာ အမေရိကန်လို နိုင်ငံမျိုးမှာ နေနေရတာ၊ လွတ်မြောက်လား။

ဖြေ။ “ကျနော့် သံန္နိဋ္ဌာန် ကျနော် ဗမာပတ်စပို့ကိုင်ပြီး သေသွားမှာ။ Citizen နိုင်ငံသား မယူဘူး။ ယူချင်ရင် ရတာပေါ့။ ကျနော်တို့ တရားဝင်ပြောင်းလာတာပဲလေ။ ကျနော်ဗမာအဖြစ်ပဲ သေမယ်လို့ အတိအလင်းကြေညာထားတဲ့လူ။ နောက် မြန်မာနိုင်ငံ အေးချမ်းသာယာတိုးတက်တာ ငြိမ်းချမ်းတာ အရမ်းမြင်ချင်တာ။ ဒါကြောင့်လည်း ကျနော်က ဘယ်လောက်ဝေးသွားဝေးသွား အော်စရာရှိတာ အော်ပေးတယ်။ လှော်စရာရှိတာ လှော်ပေးတယ်။ လော်စရာရှိတာတွေလည်း ကျနော် လော်ခဲ့တယ်။ အများကြီးပဲ ကျနော် လုပ်ပါတယ်။ ကျနော့်အသိတရားနဲ့ ကျနော်။ ဆိုတော့ ခုနက ပြောတဲ့ ဝေးနေပေမဲ့ ကျနော်လည်း မလွတ်ဘူး။ အမေရိကန် Citizen ဖြစ်သွားတဲ့ မြန်မာပြည်ဖွားတွေလည်း ယနေ့ မလွတ်ဘူး။ သူတို့ ကိုယ်တိုင် Organize လုပ် ခေါင်းမဆောင်နိုင်ရင်တောင်မှ အလှူငွေတွေထည့်၊ စိတ်တွေပူကြ၊ မလွတ်ဘူး။ ဘယ်လောက်မလွတ်ဘူးလဲဆို ကျနော် ခဏ ခဏ သုံးသပ်ပြတယ်။ တော်လှန်ရေးမှာ ကြောက်စိတ်ကလေးသော်လည်းကောင်း၊ မပါချင်စိတ်သော်လည်းကောင်း အိမ်ထဲပုန်းနေတဲ့သူရှိမယ်။ ပြည်ပရောက်နေတဲ့ ဗမာတွေရဲ့ ဆွေမျိုးတွေလည်း တော်လှန်ရေးထဲ ဝင်ပါတဲ့သူရှိမယ်။ အိမ်ထဲပုန်းနေတဲ့သူရှိမယ်။ ဘယ်လောက်ပဲ အိမ်ထဲပုန်းပုန်း နောက်ဆုံး ဒီမိစ္ဆာတွေလုပ်လိုက်လို့ ကိုဗစ် သေမင်းဟာ အိမ်တိုင်းရဲ့ တံခါးကို လာခေါက်တော့တယ်။ ဘယ်သူမှကို ပြေးမလွတ်တော့ဘူး။ ကျနော့် အဒေါ်အရင်း ဆုံးသွားတယ်လေ။ ကျနော် ဘယ်လောက်ပြေးပြေးလေ။ ကျနော်တို့ လွတ်မှ မလွတ်တာ။ ကျနော့်သူငယ်ချင်းတွေ အဖေတွေ ဆုံးကုန်တယ်။ ကျနော့်ရပ်ဆွေ ရပ်မျိုးတွေ ဆုံးကုန်တယ်။ ယနေ့ သတင်း တက်လာတယ်။ ကျနော် သိပ်ချစ်တာ။ Metal Zone ဦးဇော်ဝင်းဆုံးသွားတယ်။ အဲတော့ နိစ္စဓူဝဒီသတင်းတွေ ဟိုတလောက ၄၄ လမ်းမှာ ကလေးတွေ တိုက်ပေါ်က ခုန်ချတဲ့သတင်း ဘယ်သူမှ မလွတ်မြောက်ဘူး။ ကြားတဲ့သူအားလုံးက ရင်ကွဲပက်လက်ပဲ။ ကျနော်ထင်တယ်။ လကမ္ဘာပေါ်သွားနေ အဲမှာ Frequencyနဲ့ (သတင်းတွေ)ဖမ်းလို့ရတယ် (ဆိုရင်) အဲဒီလူက စိတ်‌သောက မြန်မာပြည်အတွက် ရောက်တာ အနည်းနဲ့ အများတော့ ကွာလိမ့်မယ်။ ဘယ်လိုမှ မလွတ်ဘူး။ ကျနော်တော့ တချို့ကို ကိုယ်လွတ်မရုန်းစေချင်ဘူး။” 

မေး။ အနုပညာနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်မှုကို အစ်ကို ဘယ်လို ယုံကြည်လဲ။

ဖြေ။ “သိပ်ကောင်းတဲ့ မေးခွန်းပဲ။ အနုပညာနဲ့ နိုင်ငံရေးက မြန်မာပြည်မှာ အဲဒီစကားနာ လိုက်လိုက်ထိုးနေတယ်။ အနုပညာနဲ့ နိုင်ငံရေးနဲ့ မဆိုင်နဲ့ကွ မပတ်သက်နဲ့ကွ အများဆုံး လိုက်ကြပ်တယ်ပေါ့ဗျာ။ အနုပညာသမားတွေကလည်း ဒီမိုကရေစီလိုလားတော့ လှုပ်ရှားမှုတွေမှာ ဝင်ပါတာပေါ့။ အနုပညာနဲ့လည်း ဝင်ပါတယ်။ အဲဒီတော့ ဒီစစ်မိစ္ဆာတွေနဲ့ သူတို့အပေါင်းအပါတွေက ဒီမိုကရေစီဘက်ကနေ နောက်ဆုံးဗျာ အန်အယ်လ်ဒီပေါ့။ အန်အယ်လ်ဒီဘက်ကနေ သီချင်းတွေ ရေးပေးရင် မင်းတို့က တဖက်သတ်ရပ်တည်တယ်၊ အနုပညာသမား အလုပ်မလုပ်ဘူးလို့ ပြောတာ။ သူတို့ နဝတ တခေတ်လုံး ဂီတ အစည်းအရုံး ဥက္ကဋ္ဌတို့ ဘာတို့ ရေးလိုက်တဲ့  Propaganda (ဝါဒဖြန့်) သီချင်း၊ ရုပ်ရှင်အစည်းအရုံးက ရိုက်လိုက်တဲ့ နိုင်ငံတော်ကား၊ သူတို့ကျတော့ အနုပညာသမားကို အသုံးချတယ်။ တဖက်မှာ ကျနော်တို့က ကိုယ့်အသိစိတ်နဲ့ကိုယ် မှန်မယ်ထင်လို့ ပံ့ပိုးတာကျတော့ အပြစ်ဖြစ်ရတယ်။ ဒါ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်။ ကမ္ဘာမှာလည်း အနုပညာနဲ့ နိုင်ငံရေးက အမြဲတွဲနေတယ်။ အထူးသဖြင့် အာဏာရှင်နိုင်ငံတွေမှာ တွဲတယ်။ သိပ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြည့်ဝတဲ့နိုင်ငံက အနုပညာသမားတွေကကျတော့ သူတို့က ပတ်သက်စရာမလိုတော့ဘူး နိုင်ငံရေးနဲ့။ သူတို့က အနုပညာတခုတည်းကိုပဲ သီးသန့် အာရုံစိုက်တော့တယ်။ ဘာလို့ ဆိုတော့ သူတို့နိုင်ငံမှာ နိုင်ငံရေး လူးလွန့်လှုပ်ရှားမှု လှိုင်းဒဏ် သိပ်မရှိဘူး။ အဲဒါကြောင့်သူတို့က ငြိမ်သွားတာ။ ကျနော်တို့လိုနိုင်ငံ အရမ်းထိခိုက်နေတဲ့ နိုင်ငံမှာ လူတိုင်းပါရမယ်။ အားလုံးရဲ့ အနာဂတ်။ အနုပညာသမားမှ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ကို ပတ်သက်ရမယ်။ ဒါ ကျနော့် အယူ။” 

မေး။ အစ်ကို အရင်တုန်းကလည်း နိုင်ငံတကာပတ်ပြီးတော့ ရှိုးပွဲတွေ ဆိုတယ်။ အခု ဆိုရမယ့် နွေဦးတော်လှန်ရေးရန်ပုံငွေရှာဖွေရေး ခရီးစဉ် အစ်ကို့စိတ်ထဲမှာ ကွာဟမှု ရှိလား။ 

ဖြေ။ “ခေတ်စကားနဲ့ ဆိုရင်တော့ ဂေါက်တာပေါ့ဗျာ။ ကျနော်တို့က Artist ဖြစ်တဲ့ အတွက်ကြောင့် ရန်ပုံငွေပဲရှာရှာ၊ ဘာပဲ လုပ်လုပ် ပရိသတ်ကို ကျေနပ်အောင်လုပ်ပေးရတယ်။ ဆိုမယ် တီးမယ် စကားပြောမယ် ကတတ်တဲ့သူက ထကတယ်ပေါ့ဗျာ။ မျိုးစုံသော ဖျော်ဖြေတင်ဆက်မှုနဲ့ လုပ်ရတယ်။ အလွမ်းသီချင်းပါတယ်။ အမြူးသီချင်းပါတယ်။ ဆိုတော့ ဘာတွေ ဂေါက်ကုန်လဲ ဆိုတော့ အမြူသီချင်းမှာ ထ မကဖို့ ကျနော်တို့က တောင်းဆိုရမယ်။ ပြုံးရွှင်ရယ်မောပြီးတော့ သိပ်ပြီးတော့ ပျော်မနေဖို့။ ကျနော့်သီချင်းက မြူးတာတော့ နည်းပါတယ်။ နည်းတာတောင် ဂေါက်တယ်ဗျ။ စိတ်ထဲမှဦ တမျိုးကြီးပဲ။ ဘာတွေ တွေ့ရလဲဆိုတော့ နွေဦးတော်လှန်ရေး ၆ လထဲမှာ လူကြားထဲ သိပ်မသွားဖြစ်ဘူး။ ကျနော် လှုပ်ရှားတဲ့ ပုံစံက တမျိုး။ ကျနော် အားပေးကူညီတဲ့ ရှုထောင့်ကတမျိုး။ အဲတော့ လူကြားထဲ သွားရတော့မယ်ဆိုတော့ ကျနော် လူတွေကို အစကတည်းက လေ့လာထားတယ်။

ဥပမာဗျာ တွေ့လိမ့်မယ် လက်သုံးချောင်းထောင်ပြီး စပ်ဖြီးဖြီးလုပ်နေတယ် ဆယ်လ်ဖီထဲမှာလေ။ အဲဒါကျတော့ သဟဇာတမဖြစ်ဘူးလို့ ယူဆတယ်။ လက်သုံးချောင်းထောင်မယ်။ အမိမြန်မာပြည်က လူတွေဟာ အတော်ဒုက္ခရောက်နေတယ်။ ကိုဗစ်အပြင် ဒီစစ်မိစ္ဆာတွေကပါ။ အန္တရာယ်က မျိုးစုံပဲ။ ငရဲကျသလို ဖြစ်နေတယ်။ အဲဒီအချိန်မှာ ပြည်ပမှာတော့ လက်သုံးချောင်းတော့ ထောင်ကြတယ်။ Activities လေးတွေ ဆန္ဒပြပွဲလေးတွေလည်း လုပ်တယ်။ စပ်ဖြဲဖြဲနဲ့ ဆိုရင်တော့ ကျနော်တို့လောက် မြင်တတ် ခံစားတတ်တဲ့သူကျတော့ မကြိုက်တော့ဘူး။ အဲဒီလိုပဲ ကျနော့်ပွဲမှာ ကျနော်က တောင်းဆိုရမယ်။ ဒါပေမဲ့ဗျာ လူသားတွေ၊ ရယ်ချင်ရင် ရယ်ကြလိမ့်မယ်၊ ပြုံးချင်ရင် ပြုံးကြလိမ့်မယ်။ လူ့သဘာဝပဲ။ ဘာကိုတောင် ထပ်တောင်းဆိုရမလဲဆိုတော့ ဟုတ်ပြီ ရယ်နိုင်ပါတယ် ပြုံးနိုင်ပါတယ် ခဏပေါ့။ သို့သော်အဲဒါကြီးတော့ ဗွီဒီယိုတွေ ဓာတ်ပုံတွေ မရိုက်ပါနဲ့။ ရိုက်ပြီးတော့ လိုင်းပေါ်မတင်နဲ့ ပြည်တွင်းကလူတွေကို စာနာကြောင်းကို ပြဖို့က အဲဒီအချက်ကအစ အရေးကြီးတယ်။

ဒါကြောင့် ကျနော့်ပွဲတွေကို သီဆိုပြီး ရန်ပုံငွေရှာတဲ့ပွဲလို့ပဲ ခေါင်းစဉ်တပ်စေချင်တယ်။ ဖျော်ဖြေတဲ့ ပွဲလို့တောင် ခေါင်းစဉ်မတပ်စေချင်ဘူး။ ကျနော်တို့က တယောက်နဲ့ တယောက် ဖျော်ဖြေနေရမယ့် အချိန်မဟုတ်ဘူး။ ကျနော်သီဆိုတယ် ဆိုတာ ရန်ပုံငွေရဖို့။ နောက်တခုက ကျနော် ခုနက ပြောတဲ့ မိုးခါးရေလိုသီချင်းမျိုး မျှော်လင့်ချက်တစုံတရာတို့၊ နောက် နွေဦးတော်လှန်ရေးဆိုပြီး ကျနော့်သမီးလေးနဲ့ ဆိုထားတဲ့ သီချင်း ဒါလေးတွေ ကျနော် ဦးစားပေးပြီးဆိုမယ်။ သဘောကတော့ ပြည်သူလူထုရဲ့ ဒဏ်ရာကို ပေါ်လွင်စေတဲ့ ဝေဒနာကို ပေါ်လွင်စေတဲ့ အနာကိုပေါ်လွင်စေတဲ့ဟာတွေ ပိုဆိုမယ်။ ဟို အမြူးတွေက မတတ်သာလို့ဗျာ။ ကျနော် ဆိုလိုက်လို့ အရမ်းပျင်းသွားပြီဆိုရင်လည်း ပေါ့ပ်လေးတပုဒ်လောက် ကျနော် ထည့်ဆိုရင် ဆိုပေးရလိမ့်မယ်။ အဲ အဲအချိန်ကျရင်တော့ ဗွီဒီယိုတွေ မရိုက်နဲ့။ ခက်ပါတယ်။ တော်တော်လေးတော့ ခက်ပါတယ်။ လုပ်ရမဲ့ ကိစ္စတွေက။

မေး။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေပေါ် အစ်ကို အခုဘာတွေ ပြင်းပြင်းထန်ထန်ခံစားနေရလဲ။

ဖြေ။ “အမိမြန်မာပြည်မှာ မွေးဖွားခဲ့ပြီးတော့ ပြည်ပပဲ ပြောင်းလာ၊ ပြောင်းလာ၊ ပြည်တွင်းမှာပဲ နေနေပေါ့၊ လူသားတိုင်းဟာ တာဝန်ကျေမယ်ဆိုရင် ကျနော်တို့အမိမြန်မာပြည်လေး ဒီနေ့ ဒီဘဝ ထဲမရောက်ဘူးလို့ ယူဆတယ်။ တကယ်တဲ့ပြောရရင် လူတိုင်းတာဝန်မကျေလို့၊ နောက်ဆုံးဗျာ ကိုယ့်အုပ်စုတွေကို မဝေဖန်တော့ပါဘူး။ ကိုယ့်အုပ်စုတွေကိုဝေဖန်ရင် တခါလဲကျရင်လည်း ကိုယ့်ကိုဝိုင်းဆဲနေတဲ့ ကိုယ်လူအချင်းချင်းက အများကြီး။ စစ်မိစ္ဆာတွေအကြောင်းပဲ ပြောကြပါစို့၊ နိုင်ငံတော်က ပေးတဲ့အဆောင်အယောင်တွေနဲ့နေတယ်။ နိုင်ငံတော်က ကျွေးတဲ့လစာစားတယ်။ နိုင်ငံတော်က ဆင်မြန်းတဲ့ကားကို စီးတယ်။ အိမ်မှာနေတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ်ကျတော့ နိုင်ငံတော်ဆိုတာ  စစ်မိစ္ဆာတပ်ဖွဲ့ကိုပြောတာမဟုတ်ဘူး။ သူတို့က နိုင်ငံတော်ဆိုပြီး သူတို့တပ်ဖွဲ့အတွက်ချည်းပဲ တရားစွဲတော့တာ။ အမှုတွေဆင်တော့တာ။ နိုင်ငံတော်ဆိုတာက ဒီနိုင်ငံရဲ့ ရေနဲ့မြေနဲ့တကွ၊ အဲဒီနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ လူသားအားလုံးကို ဆိုလိုတာ။ တကယ့်အဓိပ္ပါယ်က၊ ဒီလူတွေ တာဝန်ကျေသလား။ မကျေတဲ့အပြင် ပြန်စော်ကားတာ။ သူတို့သာ တာဝန်ကျေရင် ကျနော်တို့ တိုင်းပြည်ကြီး ဒီဘဝမရောက်ဘူး။ ဒါ စစ်မိစ္ဆာတအုပ်စုပဲ ရှိသေးတယ်နော်။ ကျနော်တို့ တော်လှန်ရေးပြည်သူတွေဘက်က သနားပါတယ်ဗျာ။ တချို့အသက်ပေးကြရတယ်။ တချို့ဘဝတွေပေးကြရတယ် အကျဉ်းထောင်ထဲမှာ ၊ တချို့က နယ်စပ်စစ်ဘေးရှောင်၊ စစ်လေ့ကျင့်ရေးစခန်းမှာ။ ဒါပေဲ့ အဲဒီလောက်ပေးဆပ်နေတဲ့ လူပမာဏာအရေအတွက်  ထားပါတော့များ၊ လွန်ရောကျွန်ရော မိုင်ကုန်ပေးမယ်။ တစ်သန်းရှိတယ်ထား။ ကျနော်ပြောတာ ကျဆုံးသွားသူ အာဇာနည်တွေ၊ နွေဦးတော်လှန်ရေးမှာ၊ ပြီးတော့ တော်လှန်ရေးကို ထိထိရောက်ရောက်ဆင်နွှဲနေတဲ့ပုဂ္ဂိုလ်၊ နယ်စပ်စစ်ဘေးရှောင်စခန်း၊ စစ်လေ့ကျင့်ရေးစခန်းကိုရောက်သွားတဲ့ပုဂ္ဂိုလ်၊ မြေပေါ်မြေအောက်မှာ အသက်ပေး ဘဝပေးပြီး ကြိုးစားပြီး အကျဉ်းထောင်တွေထဲမှာ ယနေ့ရောက်ရှိဘဝတွေ အဲဒါအားလုံးပေါင် တသန်းပြည့်ဖို့ခဲယဉ်းလိမ့်မယ်။ ဒါလူ တိုင်းသိပါတယ်။

အဲတော့ ဒီတသန်းအထိနာသွားရင် တသန်းပဲ ဒီလောက်ပြင်းပြင်ထန်ထန် တော်လှန်ပေးနေတယ်ဆိုရင် ကျန်တဲ့ ၅၃ သန်းက တဲ့ပြောရင်  သိပ်ပြီးမကြိုးစားတဲ့ သဘောမှာရှိတယ်။ မိမိဘဝလွတ်မြောက်ရေး၊ နိုင်ငံတော်လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြန်ရရှိရေး သိပ်မကြိုးစားတဲ့သဘောမှာရှိနေတယ်။ ဒီတစ်သန်းကတော့ အထူးကြိုးစားတယ်။ အဲတော့ ကျနော်တို့မြင်နေရတဲ့ အထူးကြိုးစားတဲ့အုပ်စုဟာ သေကျေ၊ ပျက်စီး၊ ဆုံးရှုံး၊ထိခိုက်မှုအနစ်နာအခံရဆုံးဖြစ်နေတယ်။ အထိနာဆုံးဖြစ်နေတယ်။ ဒီအုပ်စုလေးသာ မရှိတော့ဘူးဆိုရင် ဘယ်လိုဆက်လုပ်ကြမလဲ။ ကျနော်ကတော့  စစ်မိစ္ဆာတွေ တွေကတော့ နိုင်ငံတော်အပေါ်ကို တာဝန်မကျေဘူး။ သူတို့ကြောင့်တိုင်းပြည်က ပျက်တာ။ ကိုယ်တွေဘက်မှာ အားတော့ပေးပါတယ်။ လက်ခုပ်တော့တီးပါတယ်။ တကယ် အိတ်သွန်ဖာမှောက်လုပ်ရမယ့် လုပ်ငန်းတွေမှာ မပါတဲ့လူအများကြီးဖြစ်တေယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးဟာ အခက်အခဲပေါင်းများစွာနဲ့တွေ့ရတယ်။ တိုင်းပြည်ဟာလည်း အခက်အခဲပေါင်းများစွာနဲ့တွေ့ရတယ်။ လူတွေကောင်းသွားတဲ့တနေ့ ကောင်းတယ်ဆိုတာ ဒီတိုင်းပြည်ကို ပိုပြီး ပေးဆပ်ချင်စိတ်၊ စွန့်လွှတ်ချင်စိတ်၊ အနစ်နာခံချင်စိတ်တွေ ရှိလာတဲ့တနေ့မှာ အဲဒီတိုင်းပြည်မျိုးဟာ သေချာပေါက်လွတ်လပ်၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်တော့တာပဲ။ ဒါကျနော် ကမ္ဘာ့သမိုင်းတွေ ရှိတဲ့ နိုင်ငံတွေမှာလေ့လာပြီးသွားပြီ။ ”

မေး။ မြန်မာပြည်ထဲမှာရှိနေတဲ့ ဒုက္ခ သုက္ခတွေ ခံနေကြရတဲ့ အစ်ကိုတို့လို အနုပညာ ညီအစ်ကို မောင်နှမတွေကော၊ ကျန်နေတဲ့ ညီအစ်ကိုမောင်နှမတွေရော အစ်ကိုဘာပြောချင်လဲ ဒီအစီစဉ်ကနေ.

ဖြေ။ “ အမှန်တော့ပါ ဒီကမ္ဘာကြီးကပ်ဆိုက်အချိန်နဲ့ စစ်အာဏာသိမ်းတဲ့အချိန်မှာ ဘာမှကို ဆက်လုပ်လို့မရတော့ဘဲနဲ့ နှစ်နှစ်သုံးနှစ်လောက်ဝင်ငွေတွေမရှိတော့ အခုဆိုရင် တစ်နှစ်ခွဲ နှစ်နှစ်လောက်ရှိလာပြီ။ ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး။ အနုပညာသမားတွေ၊ ဘဝရပ်တည်ရေးက လုံးဝ အထူးသဖြင့်တော့ သိပ်နာမည်လည်းမကျော်ကြား၊ ငွေလည်းမစုမိ အစကတည်းကိုက ငွေသိပ်မရခဲ့တဲ့အနုပညာသမားတွေ သူတို့တွေ ဘယ်လိုရပ်တည်နေသလဲဆိုတာ ကျနော် စဉ်းတောင်မစဉ်းစားရဲဘူး။ ဒါပေမဲ့ ကျနော်တို့ဘဝတွေ ဘယ်အခြေအနေပဲ ရောက်ရောက်၊ စိတ်ဓာတ်မကျဖို့လိုတယ်။ နိုင်ငံသားတယောက် ထမ်းရမယ့်တာဝန်ကို ကျနော်တို့ အနုပညာသမားတွေကလည်း ဆက်လက်ထမ်းနေဖို့လိုတယ်။ ဒါမှ ပြည်သူနဲ့တသားတည်းကျမယ့် အနုပညာသမားတွေ ဖြစ်လာမယ်။ နိုင်ငံတော်ဟာ  စစ်မိစ္ဆာတွေလက်အောက်ကနေ လွတ်မြောက်ပြီးတော့  စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ခဲ့သည်ရှိသော် လွတ်မြောက်ဖို့လည်းလိုအပ်နေတယ်။”

“ဘာလို့လိုအပ်လဲဆိုတော့ အားလုံးမြင်နေရတာပဲ ဒီမိုကရေစီ ၁၅ ပြားဖိုး လောက်ပဲရတဲ့ ၂၀၁၀ ကနေ ၂၀၂၀ပေါ့၊ ဒီ ၁၀ နှစ်မှာ ဒီစစ်အာဏာရှင်တွေနဲ့တကွ ခရိုနီလုပ်ငန်းရှင်တွေနဲ့တကွ သူတို့သားသမီးတွေကို ကျော်ပြီးတော့ လွန်ဆန်ပြီးတော့ လုပ်လို့ရတဲ့ အနုပညာလုပ်ငန်း ၊ စီးပွားရေးလုပ်ငန်းမရှိဘူး။ အားလုံးသူတို့ ရုပ်ရှင်ထုတ်လုပ်ရေး၊ တေးဂီတထုတ်လုပ်ရေးကအစ ဝင်ပါတာ။ သူတို့မှာ ငွေထုပ်ရှိတယ်။ ငွေထုပ်ရှိတော့ အနုပညာသမားတွေကလည်း ဝင်ငွေကျပ်တည်းလာတဲ့အချိန်မှာ အဲဒီငွေထုပ်ကို အာဏာရှင်သားသမီးတွေရဲ့ ငွေထုပ်ကို မျက်စ လှမ်းပစ်ရတယ်။ သူတို့နဲ့အဆင်ပြေတဲ့ အနုပညာသမားတွေကို ဆွဲတင်တယ်။ အခွင့်အရေးတွေ ရကြတယ်။ သူတို့နဲ့အဆင်မပြေတဲ့အနုပညာသမားတွေက အခွင့်အရေးမရတော့ဘူး။ စင်ပေါ်တက်ခွင့်၊ ရုပ်ရှင်ရိုက်ခွင့်၊ သီချင်းဆိုခွင့်၊ တေးအယ်လ်ဘန်ထုတ်လုပ်ခွင့်၊  အွန်လိုင်းပေါ်မှာ နောက်ဆုံး Music Video ထုတ်လုပ်ခွင့်ကအစ မရဘူး။ မရတော့ အရည်အချင်းဟာ နောက်ရောက်ပြီး ပံ့ပိုးမှု  Sponsor က ရှေ့ရောက်တယ်။ စစ်အာဏာရှင်စနစ်ဖျက်တာ  အကုန်ပျက်တာ။ အနုပညာလည်းပျက်တာပဲ။ ဒါတွေအားလုံး ပြန်ကောင်းဖို့ဟာ အဲဒီစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှ ဖြစ်မယ်။ စစ်မိစ္ဆာတွေထဲမှာမှ ခေါင်ချုပ်တွေ၊ တိုင်းပြည်ကို စိတ်ထင်တိုင်းကျဲနေတဲ့ ထိပ်တန်းအရာရှိတွေ အကုန်လုံးပြုတ်မှ အေးမှာ။  စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမှ အေးမှာ။ အဲဒီကျမှ အနုပညာသမား အစစ်တွေဟာ အနုပညာကို စစ်စစ်မှန်မှန်လုပ်ပြီးတော့ ဘဝကို ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်မှာ။ သို့မဟုတ်ကတော့ ယနေ့ကျနော်တို့ ပေါ်တင်ပြောကြကြေးဆိုရင် စစ်ဘောမ ဘဝကနေ ဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး။ ”

“ကျနော်မြန်မာနိုင်ငံတော်ကနေ ထွက်ခွာလာရခြင်းရဲ အဓိကအကြောင်းအရင်းက အဲဒါတွေ ပါတယ်။ ကျနော်တို့ဟာ ငွေရှိတော့လည်း သူတို့ပဲ၊ မဏ္ဍပ်တွေဆောက်တော့လည်း သူတို့ သို့မဟုတ် သူတို့သူဌေးခရိုနီတွေပဲ။ ကျနော်တို့ဟာ သူတို့နဲ့ကင်းမယ်ဆိုရင် လျှာပေါ်မြက်ပေါက်တယ်။ ကျနော် ဦးကျော်သူတို့နဲ့ သွားနေတယ်၊  ၂၀၀၈ ကတည်းက။ ဦးကျော်သူဆိုရင် အဲဒီ ၂၀၀၈ မှာကတည်းက ရုပ်ရှင်မရိုက်ရဘူး။ ကျနော်တို့ဆိုရင်လည်း ဘယ်သူကမှ သိပ်ပြီးတော့ မခေါ်ချင်တော့ဘူး။ ပွဲတွေဘာတွေ မခေါ်ချင်တော့ဘူး။ ဆိုတော့ အားလုံးတော်တော် အထိနာခဲ့တယ်။ ဒီမိုကရေစီ ၁၀ နှစ်၊ ၁၀ ပြားဖိုး ၁၅ ပြားဖိုး ထွန်းကားတဲ့ ၂၀၁၀ ကနေ ၂၀၂၀ မှာတောင်  သေချာသုံးသပ်ရင် ဓန၊ ငွေထုတ်က သူတို့လက်ထဲမှာပဲလေ။ သူတို့နဲ့ သူတို့လူတွေလက်ထဲမှာပဲလေ။ ဒါဘယ်သူမှ မငြင်းနိုင်တဲ့အချက်ပဲ။ ”

မေး။ အစ်ကိုရဲ့ ဆောင်းဦးလှိုင်ပရိတ်သတ်တွေကိုကော ဘာများပြောချင်သေးလဲဗျာ။

ဖြေ။ “ကျနော်ယနေ့လုပ်နေသမျှကိစ္စ မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ ကူညီနိုင်သမျှကူညီတာပေါ့နော်။ အများကြီးတော့မဟုတ်ပါဘူး။ အသက်ပေးသွားတဲ့၊ ဘဝ ပေးသွားတဲ့ လူတွေထက်စာရင်တော့ ကျနော်တို့ လုပ်တာ ၅ ပြား၊ ၁၀ ပြားဖို့ ပါးပါးလေး။ ဒါပေမဲ့ ဒါလေးကိုပဲ တာဝန်ကျေနိုင်သလောက်ဆက်ပြီးတော့ လုပ်ပေးတာဟာ ကျနော့်ရဲ့ ပရိသတ်တွေရဲ့ကျေးဇူးကို ကျနော်ပြန်ဆပ်နေတာပါ။ မြန်မာပြည်မှာ ၁၉၉၃ မင်းရဲ့သူရဲကောင်းအုပ်စု ကျနော့်ဓာတ်ပုံလေးတောင်မထည့်ဘူး။ ငယ်ငယ်တုန်းက ဒိထက်မည်းတယ်။ ပိန်တယ်။ ဘောလုံးကို နေ့ရော၊ ညရောကန်တယ်။ တဲ့ပြောရရင် ဒီအသားမည်းလေးက အိန္ဒိယဆင်လေးပေါ့ဗျာ။ ပိန်ပိန်သေးသေး မည်းမည်းတူးတူးလေးပေါ့။ ဒီဟာလေးကို ချစ်ချစ်ခင်ခင်လေးလေးစားစား အားပေးတဲ့ ပရိသတ်တွေ မနည်းဘူးဗျာ။ ကျနော် အနယ်နယ်အရပ်ရပ်ရောက်ဖူးခဲ့တယ်လေ။ ကျနော် မြန်မာပြည် ပူတာအိုကနေ ကော့သောင်းအထိ ကျနော်သီချင်းသွားဆိုဖူးခဲ့တယ်ဗျာ။ အဲတော့ ဒီလူသားတွေရဲ့ကျေးဇူး ကျနော့်မှာရှိတယ်။

အဲတော့ ကျနော့်ဘာသာ အမေရိကန်မကလို့ ဘယ်လောက်ချမ်းသာတဲ့နိုင်ငံပဲရောက်ရောက် ကျနော့်ဘဝဟာ ဒီဟာအတိုင်းပဲ ကျနော် ဒီပရိတ်သတ်တွေရဲ့ကျေးဇူးကိုဆပ်မယ်။ သူတို့နဲ့အတူတကွ အေးအတူ ပူအမျှ ဖြတ်သန်းမယ်။ ဖြတ်သန်းနေပါတယ်၊ ယုံပါလို့။ ဘာလို့လဲဆိုတော့ ကျနော် ဒီမှာ အလုပ်တောင်မလုပ်ဘူး။ ဒီမှာ အလုပ်ဟူသမျှ ဂုဏ်ရှိစွာပဲ။ အူဘာ မောင်းရင်တောင် တနေ့ဗမာငွေ တသိန်းလောက်ဝင်တယ်။ ဒီနိုင်ငံသား၊ ဒါငွေနောက်ကို လိုက်မယ်ဆိုရင်၊ ဒါပေမဲ့ အူဘာ သွားမောင်းရင် မြန်မာ့အရေးတွေ လေ့လာတဲ့အခါ နောက်ကျမယ်။ ဥပမာ ပြောပြတာနော်။ ကားတွေတနေကုန်သွားမောင်းရင် ပိုက်ဆံတော့ဝင်မှာပေါ့။ ဒါပေမဲ့ မြန်မာ့အရေးကျနော်မလေ့လာနိုင်တော့ဘူး။ ကျနော်ဒီမှာ အဲဒါကြောင့် ရိုးရိုးအေးအေး နှိမ်နှိမ်ချချနေတယ်။ မြန်မာ့အရေးကို အာရုံစိုက်ဖို့အတွက် ဒါသည် ကျနော့်ပရိသတ်အတွက် ကျနော်ကျေးဇူးဆပ်မယ်။ ဘယ်အချိန်အထိ  ဆပ်မလဲဆိုတော့ ကျနော်ဗမာအဖြစ်ပဲ သေဆုံးသွားမယ်။ နိုင်ငံခြားမှာ မြေမြုပ်ရလည်း၊ မီးသင်္ဂြိုဟ်ရလည်း ကျနော်ဗမာအဖြစ်ပဲ သေဆုံးသွားမယ်။ ဒါကတော့ ကျနော့် ပရိတ်သတ်နဲ့နိုင်ငံတော်အတွက် ကျနော် ရပ်တည်ပေးနိုင်သလောက်ပေါ့ဗျာ။ လောလောဆယ် အသက်အသေခံပြီးဘဝအပျက်ခံပြီး ချစ်မပြနိုင်သေးပေမဲ့ ဘယ်လောက်အထိ ချစ်ပြခွင့်ရမလဲ ဒီခံယူချက်နဲ့ သွားမယ်။ ”

မေး။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြီးတော့ ပြောချင်သေးလဲခင်ဗျာ။

ဖြေ။ “ အားလုံးဟာ တာဝန်ကို ကျေပွန်တာထက် ပိုပြီးတော့ ကျေပွန်အောင် ကြိုးစားပေးကြပါ။ တချို့က ပြောကြတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာရေးတယ်။ အဲဒီစာရေးတာလေးကို အောက်မှာ လက်မထောင်တာလေးကို သူတို့က  တော်တော်လုပ်တယ်ပေါ့ဗျာ။ ဒီလိုမျိုးယူဆနေတဲ့ နိုင်ငံသူနိုင်ငံသားတွေလည်းရှိကြတယ်။ ဆိုတော့ အဲဒီလောက်တင်မကဘဲနဲ့ အဲဒီထက်ပို၍ ကြိုးစားပေးကြပါဦး၊ အားစိုက်ပေးကြပါဦး။ ဒီလိုပြောရတာက သူတိုဘဝတွေ သူတို့အနာဂတ်တွေ ဘယ်သူကများ ဒီအနာဂတ်တွေကိုဆောင်ကျဉ်းလာမလဲ။ နိုင်ငံခြားသားတွေလား၊ နိုင်ငံခြားတပ်တွေလား၊ ယူအန်ကလား ကျနော်တို့အချင်းချင်းပဲ ကြိုးစားရမယ်။ ကျနော်တို့ လက်တွေတွဲပြီးတော့ ကြိုးစားရမယ်။ ဒါကြောင့် အခုနက ပြောတဲ့စကားလေးပဲ မိမိတာဝန်ကျေပြီလို့  ယူဆပြီးတော့ အိပ်မနေရက်ဘူး။ အခု မိုင် နှစ်သောင်းသုံးသောင်း ကွာပြီး အကြိုးခံစားခွင့်တပြားမှ မရှိဘဲ ၂ လ ကျနော် ရုန်းကန်တယ်။ ကျနော် အိပ်မနေရက်ဘူး။ ကျနော် ဖေ့စ်ဘွတ်ခ်မှာပဲ ထိုင်ပြီးတော့ ဆောင်းပါရေး၊ တော်ကီ ချွေမနေရက်ဘူး။ အစကတည်းကလည်း ချွေမနေဘူး။ ကျနော် PDF ကလေးတွေသိတယ်။ ကျနော် ဖေ့စ်ဘွတ်ခ်မှာ ကျနော်လိုအပ်လို့သာ သတင်းတချို့ Share ရတယ်။ ခံယူချက်တချို့ကိုရေးတာ။ လိုအပ်လို့ရေးတာ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ  နှမ်းဖြူးတဲ့အထဲ ကျနော်မပါဘူး။ ကျနော်ပရိတ်သတ်ကို ခြူဆီမထည့်ဘူး။ ကျနော်ရိုးရိုးသားသား ပေးဆပ်တယ်။ ဒါပေမဲ့ အားလုံးကို တောင်းဆိုချင်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားသော်လည်းကောင်း၊  မွေးဖွားပြီး နိုင်ငံခြားသားခံယူလိုက်သူသော်လည်းကောင်း မြန်မာနိုင်ငံနဲ့  ပတ်သက်နေခဲ့တဲ့ လူသားအားလုံး ဒီထက်ပိုပြီးတော့ ကြိုးစားကြပါဦးလို့ပဲ ကျနော်ပြောချင်ပါတယ်။  နိုင်တဲ့အထိပေါ့။ အမှန်တရားနိုင်တဲ့အထိ ကြိုးစားပေးကြပါဦး။ ”

 အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

3 months Ago
Up