စစ်ဘေးရှောင်မိသားစု

March 11, 2020

ကျောက်တော်၌ စစ်ဘေးရှောင်မိသားစု လက်နက်ကြီးကျည်ထိမှန် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ရွာသားတွေဟာ သံဗရာထောင့်ကျေးရွာမှာ ရပ်နားအိပ်စက်နေစဉ် လက်နက်ကြီးကျည်ကျလို့  ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားပါတယ်။ မတ်လ ၁၀ ရက်နေ့က  ပြိုင်းတိုင်းကျေးရွာသားတွေဟာ တိုက်ပွဲဖြစ်လို့ သာစည်ကျေးရွာကို ထွက်ပြေးခိုလှုံဖို့အသွား ညအချိန်မတော်ကြောင့် သံဗရာထောင့်ကျေးရွာမှာ တစ်ညတာရပ်နားအိပ်ရာကနေ ည ၁၁ နာရီဝန်းလောက်မှာ လက်နက်ကြီးကျည် ထိမှန် ခဲ့တာလို့ ဒဏ်ရာရရှိခဲ့တဲ့  မိသားစုကပြောပါတယ်။ ကုလားတန်မြစ်ကြောင်းတလျှောက်တက်လာတဲ့ မြန်မာတပ်မတော် (ရေ) တပ်က  သံဗရာထောင့် (မြို)ကျေးရွာနားအရောက် ပစ်ခတ်ခဲ့လို့ အိမ်ထဲမှာ အိပ်စက်နေတဲ့ စစ်ဘေးရှောင် မိသားစုတွေ သေဆုံးဒဏ်ရာရရှိခဲ့တာလို့ သေဆုံးသွားသူ ကိုအောင်နိုင်ထွန်းရဲ့ အစ်ကို ဦးမောင်သိန်းထွန်းကပြောပါတယ်။ “ရွာကနေ တိုက်ပွဲဖြစ်လို့ထွက်ပြေးလာတာပါ။ ပထမတော့ သာစည်ကို ကျနော်တို့ ထွက်ပြေးလာတာပါ။ အဲ့ဒီမှာညအချိန် မမီတော့ဘူး။ သံဗရာထောင့်ကျေးရွာမှာညအိပ်ကြတယ်။ အဲ့ဒီအချိန်မှာကုလားတန်မြစ်ကြောင်း တလျှောက် တပ်မတော် navy ရေယာဉ် တစီး လည်းတက်လာတယ်။ ညကျတော့ အဲ့ဒီကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်တယ်။ ည ၁၁ နာရီလောက်ရှိမယ်။ အဲ့ဒီကနေ ပစ်လိုက်တဲ့လက်နက်ကြီးက ကျနော်တို့ အိပ်နေတဲ့နေအိမ်ကျတယ်။ အဲ့ဒီမှာကျနော့် ညီတယောက် သေတယ်။ ၃ ယောက်ဒဏ်ရာရတယ်။ သေဆုံးသွားသူကတော့ ပြိုင်းတိုင်းကျေးရွာက အသက် ၁၈ နှစ်အရွယ် မောင်အောင်နိုင်ထွန်း ဖြစ်ပြီးဒဏ်ရာရရှိခဲ့သူတွေကတော့  ဦးသန်းထွန်း (အသက် ၅၀ ကျော်) နဲ့ ဦးမောင်နီ (အသက် ၃၀) တို့မှာ ခန္ဓာကိုယ်နေရာအနှံအပြား ဒဏ်ရာရသွားပါတယ်။ သံဗရာထောင့်ရွာသား မောင်သာနုက “ပြိုင်းတိုင်းကျေးရွာနဲ့ သံဗရာထောင့်ကျေးရွာနဲ့ဆိုရင် လမ်းလျှောက်လာရင်တောင် ၅ နာရီလောက်လာရတယ်။ တော်တော်ဝေးတယ်။ အဲ့ဒီမှာသူတို့ ညအချိန်မမီတော့၊ ကျနော်တို့ရွာမှာ ညအိပ်နားတယ်။ မနက်ကျရင် သူတို့ သာစည်ကိုသွားကြမယ်ပေါ့။ အဲ့ဒီမှာ ကုလားတန်မြစ်ကြောင်ကနေ တက်လာတဲ့ တပ်မတော် ရေတပ်ကနေလက်နက်ကြီးနဲ့လှမ်းပစ်တာ” လို့ပြောပါတယ်။ ကျောက်တော်မြို့နယ်၊ လောင်းရှည်ရွာမှာ မတ်လ ၁၀ ရက် မနက်ကလည်း  အမျိုးသမီးတဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့သလို အမျိုးသားတဦးက ခြေထောက်မှာ ဒဏ်ရာရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီကနေ့ မနက်ပိုင်းတကြိမ်၊ နေ့လယ်ပိုင်းနှစ်ကြိမ်းဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုတာ မရှိပါဘူး။
2 years Ago
Up