စစ်ပွဲဖြစ်ရာဒေသများ

October 22, 2019

ဆူဒန်နိုင်ငံ စစ်ပွဲဖြစ်ရာဒေသများအတွက် လူသားချင်းစာနာမှု အကူအညီများ လက်ခံ

ဆူဒန်နိုင်ငံမှာ ၈ နှစ်ကြာ စစ်ပွဲတွေဖြစ်နေတဲ့ ဒေသတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပထမဆုံး လက်ခံဖို့ ဆူဒန်အစိုးရက သဘောတူလိုက်ပြီလို့ သူပုန်အဖွဲ့ ခေါင်းဆောင်တယောက်က အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြန်စဖို့ လမ်းပြမြေပုံသစ်ရဲ့ လုပ်ငန်းစဉ် တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ သောကြာနေ့မှာ ဆူဒန်အစိုးရနဲ့ ဆူဒန်သူပုန်အဖွဲ့တွေဟာ လမ်းပြမြေပုံသစ်ကို သဘောတူညီခဲ့ပြီးပြီးခဲ့တဲ့ တောင်ဆူဒန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအတွင်း ကတိကဝတ်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီလမ်းပြမြေပုံထဲမှာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ သဘောတူညီချက်လည်း ပါပါတယ်။ ဒါပေမဲ့ အရင်က အပစ်အခတ်ရပ်ရေး သဘောတူညီချက်တွေကိုလည်း နှစ်ဖက်စလုံးက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြဖူးပါတယ်။ ဆူဒန်နိုင်ငံအတွင်း ပဋိပက္ခ အဆုံးသတ်ရေးဟာ အကြမ်းဖက်ဝါဒကို ထောက်ပံ့နေတဲ့ နိုင်ငံများစာရင်းကနေ ဆူဒန်ကို ပယ်ဖျက်ဖို့ အမေရိကန်အတွက် မရှိမဖြစ် ရှိထားရမယ့် လိုအပ်ချက်လည်း ဖြစ်ပါတယ်။ ဆူဒန်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာအယ်လ်ဘာရှာကို  အခုနှစ် ဧပြီလမှာ အာဏာသိမ်း ဖယ်ရှားပြီးနောက် လက်ရှိမှာတော့ အသွင်ကူးပြောင်းရေးအစိုးရက ဆူဒန်ကို ထိန်းချုပ်ထားပါတယ်။  
2 years Ago
Up