စစ်ပွဲကိုတားဆီးဖို့

January 4, 2020

စစ်ဖြစ်ရန်ထက် စစ်ပွဲတားရန် အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီကို သတ်မိန့်ပေးခဲ့ခြင်းဟု ထရမ့်ပြော

စစ်ဖြစ်ဖို့ မဟုတ်ဘဲ စစ်ပွဲကိုတားဆီးဖို့ အီရန် ဗိုလ်ချုပ်ကြီး ကတ်ဆမ်ဆိုလန်မန်နီကို သတ်မိန့်ပေးခဲ့တာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ဇန်နဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။ ဆိုလန်မန်နီဟာ အမေရိကန်တွေအပေါ် တိုက်ခိုက်မယ့် အစီအစဉ်တွေ  လုပ်နေတယ်လို့လည်း သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။  ဖလော်ရီဒါပြည်နယ် မာရာလာဂိုအပန်းဖြေစခန်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က ဆိုလန်မန်နီဟာ အမေရိကန်သံတမန်တွေနဲ့ စစ်မှုထမ်းတွေအပေါ် တိုက်ခိုက်ဖို့ ကြံစည်နေပြီး  အဲဒီလုပ်ရပ်ကို အမေရိကန်က လက်ပူးလက်ကြပ်မိကာ ရှင်းလင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။  ဒါ့အပြင် အမေရိကန်အနေနဲ့ အီရန်မှာ အစိုးရအပြောင်းအလဲလုပ်ဖို့  မကြိုးပမ်းဘူးလို့လည်း ထရမ့်က ပြောခဲ့ပါတယ်။  အီရန်ရဲ့အထင်ရှားဆုံး စစ်ဘက်တပ်မှူးနဲ့  အရှေ့အလယ်ပိုင်းမှာ အီရန် သြဇာကြီးမားအောင်    ဖန်တီးပုံဖော်သူ ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီ လုပ်ကြံခံရမှုအတွက် အမေရိကန်ကို လက်စားချေသွားမယ်လို့ အီရန်က ပြောထားပါတယ်။ 
2 years Ago
Up