စစ်ပြေးရှောင်

February 17, 2021

ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ် ရွာသား ၁,၀၀၀ ကျော် စစ်ပြေးရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ၊ သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ SSPP/SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၊ PSLF/TNLA ပလောင်တပ်ဖွဲ့နဲ့ RCSS/SSA ရှမ်းပြည်တပ်မတော်အကြားမှာရော  RCSS/SSA နဲ့  မြန်မာ့တပ်မတော်တို့ အကြားမှာပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ရွာထဲလက်နက်ကြီးကျလို့ ထိခိုက်သေဆုံးမှုတွေရှိနေသလို ရွာသားပေါင်း  တစ်ထောင်    ကျော်ဟာလည်း စစ်ဘေးလွတ်ရာတိမ်းရှောင်နေရလို့ စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်နေပါတယ်။ 

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကလောဝိုင်းကျေးရွာမှာဆိုရင် ဖေဖော်ဝါရီ ၁၅ ရက်က လက်နက်ကြီးအိမ်ထဲကျလာလို့ ရွာသား ၃ ဦးသေဆုံးကြောင်း၊ ၁၆ ရက်နေ့မှာ တိုက်ပွဲငြိမ်သွားပြီး အရင် ရွာသားတွေကို အပြင်ထွက်ခွင့်မပြုတဲ့ TNLA တပ်ဟာ ရွာသားတွေကို နှစ်ရက်အတွင်း ရွာထဲကနေအပြီး တိမ်းရှောင်ရမယ်လို့ ပြောထားတာကြောင့် ရွာသားပေါင်း ၁၀၀၀ ကျော် ဘေးလွတ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ တော့ဆန်ရပ်မိရပ်ဖတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။  

“ ၁၅ ရက်နေ့က ကလောဝိုင်းရွာထဲ လက်နက်ကြီးကျတာ နန်းစိန်သန်း ( ၃၂ နှစ် )  နဲ့ ဦးဌေး ( ၅၆ နှစ် ) တို့က ပွဲချင်းပြီးသေဆုံးပြီး နန်းစိန်သန်းရဲ့အမေ ဒေါ်စိန်ပု ( ၆၇ )နှစ်က ကျောက်မဲဆေးရုံကို ပို့မလို့ဟာ လမ်းခုလတ်မှာပဲ သေသွားတယ်။ နန်းစိန်သန်းက ကိုယ်ဝန် ၈ လနဲ့တဲ့။ အိမ်လည်း  တစ်လုံးမကဘူးပျက်စီးတာ။ အခြေအနေကရှုပ်ထွေးနေတော့ အဲဒီရွာတွေထိ စာရင်းလိုက်မကောက် နိုင်ဘူး။ ဒီမတိုင်ခင်ရှေ့က တိုက်ပွဲကြားပိတ်မိနေတဲ့ရွာသားတွေကို ၁၆ ရက်နေ့မှာ TNLA က တခြားမှာသွားရှောင်ခိုင်းတယ်။ ၂ ရက်အတွင်းအပြီးထွက်သွားတဲ့။ ၁၅ ရက်နေ့ တိုက်ပွဲပြင်းထန်ပြီး ၁၆ ရက်နေ့ ငြိမ်နေတာ။ ရှမ်းတပ်တွေလည်း တောတောင်ထဲမှာရှိနေတုန်းပဲ။ ရွာသားတွေမရှိရင် အပြတ်ချတော့မလားမသိဘူး။ အိမ်တွေ စပါးကျီတွေ ကျွဲနွားတိရစ္ဆာန်တွေအတွက် စိတ်ပူစရာပေါ့ ”  

တောင်ပလို့ ၊ ကလောဝိုင်း ၊ ပါခါး ၊ ဝမ်မိုင်ရွာသစ် စတဲ့ ရွားသားတွေဟာ အခုပန်စံကျေးရွာ ဘုန်းကြီးကျောင်းမှာ  ၄၀၀ ကျော်၊  ပြီးတော့ နမ့်ကတ်ရွာ ဘုန်းကြီးကျောင်း ၊ ကျောင်းခမ်း နဲ့ မြောက်ကျောင်းမှာ စုစုပေါင်း ၆၀၀ ကျော်  ထွက်ပြေးရောက်ရှိလာပြီး စားနပ်ရိက္ခာတွေ အရေး ပေါ်လိုနေတယ်လို့ ရပ်မိရပ်ဖတွေက ပြေပါတယ်။ 

ဒါ့အပြင် နမ္မတူမြို့နယ်ထဲမှာလည်း PSLF/TNLA နဲ့ SSPP/SSA  ပူးပေါင်းပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ RCSS/SSA တို့အကြားမှာရော၊ RCSS/SSAနဲ့ မြန်မာ့တပ်မတော်အကြားမှာပါ တိုက်ပွဲဖြစ်လို့  ရွာသား ၁ ဦး လက်နက်ထိမှန်ဒဏ်ရာရခဲ့လို့ ကာလသားတွေဟာ မံစံအုပ်စု မံစံကျေးရွာ ဘုန်းကြီးကျောင်းနဲ့ နမ္မတူမြို့ ဗုပ္ပါရုံ ကျောင်းတိုက်မှာ လာရောက်ခိုလှုံနေရတယ်လို့ စစ်ပြေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။ 

“ ၁၃ ရက်နေ့ညက ပိန်းလုံရွာထဲကို လက်နက်ကြီးကျတော့ စိုင်းနန္ဒေါ ဆိုတဲ့လူကို ထိတယ်။ သူက သူ့အိမ်ထဲမှာဘဲ သူထိုင်နေတာ၊ သေနတ်ကျည်က နံရံကိုဖောက်ပြီး သူ့တင်ပါးထဲဝင်သွားတယ်။ ၁၄ ရက်နေ့က လားရှိုးဆေးရုံကို ပို့ထားပြီး ၁၅ ရက်နေ့မှာခွဲစိပ်ပါတယ်။ ”

နမ္မတူမှာတော့ မံစံမြောက်ကျောင်းနဲ့ ဗုပ္ပာရုံကျောင်းတိုက်မှာ စုစုပေါင်း လူ ၃၀၀ ကျော် ရောက်နေပြီး အလှူရှင်တွေလာလှူထားတဲ့ စားနပ်ရိက္ခာနည်းနည်းကျန်သေးတဲ့အကြောင်းနဲ့  ရေရှည်ဆို အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ၁၆ ရက်နေ့ထိ နမ္မတူ လားရှိုး သွား လမ်းဘေးက တောတောင်ထဲမှာရော နမ္မတူဘက်ကိုလာမယ့်တောလမ်း တွေမှာပါ ဖြစ်နေပြီး RCSS ရှမ်းတပ် SSPP နဲ့  TNLA မြောက်ပိုင်းမဟာမိတ်တပ် နဲ့ မြန်မာ့တပ်မတော်တွေကြား ပစ်ခတ်နေကာ တိုက်ပွဲဖြစ်စဉ်တွေတော့ မသိရဘူးလို့ နမ္မတူဒေသခံက ပြောပါတယ်။ 

သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စုဘက်မှာလည်း ဖေဖော်ဝါရီလ ၁၅ ရက် မိုးမလင်းခင် ကတည်းက သေနတ်သံတွေကြားရပြီး ကျစ်ဖွန်ရွာသားတွေက သူတို့ကို လာကယ်ဖို့ ပြောတာ ကြောင့် သီပေါမှာရှိတဲ့ ပရဟိတအဖွဲ့တွေ ကား ၆ စီးနဲ့ သွားကြိုလာခဲ့တယ်လို့ သီပေါလူငယ် လူမှုကူညီ ရေးအသင်းမှ စိုင်းတူးလီက ပြောပါတယ် ။ 

   “  သူတို့က ရွာကနေထွက်လာပြီး နားမခေါ်ရွာမှာ ကျနော်တို့ကိုလာစောင့်နေကြတယ် ၊ သီပေါက ပရဟိတအဖွဲ့တွေ ကား ၆ စီးနဲ့ သွားကြိုလာတယ်ခင်ဗျ။ ၁၅ ရက်နေ့လည်လောက်မှာပါ။ လူ ပေါင်း ၁၀၀ ကျော်တယ်။ သူတို့ကို နောင်ကော်ကြီးကျောင်းတိုက်မှာ နေရာချထားပေးပါတယ်။ စားနပ် ရိက္ခာအတွက်လည်း အလှူရှင်တွေ လိုအပ်နေပါတယ် ”

နားမခေါ်ကတိုက်ပွဲကတော့ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့နဲ့  SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့တို့ ရှမ်းလက်နက်ကိုင်အဖွဲ့ အချင်းချင်းပစ်ခတ်ကြတာဖြစ်ပြီး အသေးစိပ်မသိရဘူးလို့ သီပေါဒေသခံ တွေက ပြောပါ တယ် ။ 

ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သက်ဆိုင်ရာတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်း လို့မရသေးပါဘူး ။ 

RCSS/SSA လက်အောက်ခံ Taifreedom သတင်းမှာတော့ နားမခေါ်တိုက်ပွဲမှာအင်အား ၂၀ ကျော်သာရှိတဲ့ RCSS တပ်ဖွဲ့ဝင်တွေကို SSPP တပ်က အင်အား ၃၀၀ ကျော်နဲ့ လာဝိုင်းပြီး ပစ် ခတ်တာကြောင့် တချို့သေဆုံးကာ တချို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် RCSS ကို တိုက်ဖို့အတွက် မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် ၄၀၀  ကျော်ဟာ  သီပေါမြို့နယ် မိုင်းတုန်ကျေးရွာအုပ်စု ပါခါးရွာအနီးမှာ ရောက်ရှိနေတယ်လို့ ဖေဖော်ဝါရီ ၁၆ ရက် Taifreedom သတင်းမှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီတို့ RCSS တပ်ဖွဲ့တို့အကြားတိုက်ပွဲ ဖြစ်ပြီး  RCSS ဘက်က စစ်သည် ၁၈ ယောက်ထက် မနည်း ကျဆုံးတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် CGTN သတင်းမှာဖော်ပြပါတယ်။ ဒါ့အပြင် RCSS စစ်သည် ၁၀ ယောက် ထက် မနည်း အဖမ်းခံရတယ်လို့ ဒေသခံ မီဒီယာကို ကိုးကားပြီး CGTN တရုတ်သတင်းဌာနက ဖော်ပြပါတယ်။ 

2 years Ago
Up