စစ်တွေဆေးရုံ

October 3, 2020

စစ်တွေဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး၊ အောက်ဆီဂျင်ပေးထားသည့် လူနာ ၈ ဦးရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူဆေးရုံမှာ အောက်တိုဘာလ ၂ ရက်နေ့က အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး အောက်ဆီဂျင်ပေးထားရတဲ့ လူနာ ၈ ဦးအထိ ရှိ​တယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောပါတယ်။ “ဟုတ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကိုဗစ်နဲ့ ထပ်ဆုံးသွားပါတယ်။ သူ့မှာက သွေးတိုးရောဂါအခံ ရှိတယ်။ ဒီနေ့မနက် ၁၁ နာရီမှာ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူရင်း ဆုံးသွားတယ်။ အထူးကြပ်မတ်ဆောင်မှာ နောက် ၁ ဦး ဆေးကုသမှု ခံယူနေတယ်။ အောက်ဆီဂျင်ပေးထားရသူ ၈ ဦးအထိ ရှိနေတယ်။” စစ်တွေမြို့က ပြည်သူတွေအနေနဲ့ ပေါ့ဆစွာ မနေကြဖို့၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာကြဖို့နဲ့ Stay at Home အဖြစ် နေအိမ်မှာပဲ နေထိုင်သင့်တယ်လို့ ဒေါက်တာဇော်လွင်က ​တိုက်တွန်းပါတယ်။ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး စတွေ့တဲ့ သြဂုတ် ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၈၆၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၇၁၁ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ဆေးရုံမှာ လက်ရှိကုသနေသူ ၁၄၆ ဦး ရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၄ ဦးအထိ ရှိလာနေပြီး စစ်တွေဆေးရုံကြီးက ၃ ဦးနဲ့ ကျောက်တော်ဆေးရုံကြီးက ၁ ဦးတို့ ဖြစ်ပါတယ်။ လင်းလက်
7 months Ago

September 7, 2020

သူနာပြု ၂ ဦးအပါအဝင် ၃ ဦးကို စစ်တွေဆေးရုံမှ ဆင်းခွင့်ပြု

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ် ၁၉ လူနာ သူနာပြု ၂ ဦးအပါအဝင် ၃ ဦးဟာ ၂ ကြိမ်ဆက် ရောဂါပိုးမတွေ့ရှိရဘဲ ကျန်းမာလာတာကြောင့် စက်တင်ဘာ ၆ ရက် ညနေပိုင်းမှာ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ "ဒီ ၃ ဦးထဲမှာ သူနာပြု ၂ ဦးပါဝင်တယ်။ နောက်အမျိုးသား ၁ ဦးကတော့ စစ်တွေကပါ။ မနေ့ က ၁၀ ဦး ဒီနေ့ ၃ ဦး ရှိပါပြီ။ နောက်နေ့တွေမှာလည်း ရောဂါပိုး Double negative ပြပြီး ဆေးရုံမှာ ၁၄ ရက်ဆေးကုသမှုခံယူပြီး ဆက်တိုက် ဆင်းခွင့်ရမယ့် လူနာတွေလည်း ရှိနေပါသေးတယ်။ သူတို့ကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း Home quarantine ၁၄ ရက်  ဆက်ထားသွားပြီး စောင့်ကြည့်သွားမှာပါ။” စစ်တွေပြည်သူဆေးရုံကြီးမှာ စက်တင်ဘာ ၅ ရက်နေ့အထိ ကိုဗစ်လူနာ ၂၇၆ ဦးထဲက ရောဂါသက်သာတဲ့ ၁၃ ဦးကို ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး လူနာ ၂၆၃ ဦးကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်တက်လာနေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်း ၄၇ ယောက် ရောဂါကူးစက်ခံထားရပြီး အဲဒီထဲက သူနာပြု ၂ ဦး ပထမဆုံး ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့် ရရှိခဲ့တာပါ။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပိုးကူးစက်မှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၁၆ ခုအထိ ရှိလာနေပြီး ရမ်းဗြဲမြို့နယ်တခုတည်း ပိုးကူးစက်သူမရှိသေးဘူးလို့ သိရပါတယ်။ ဩဂုတ် ၁၆ ရက်နေ့ကနေ စက်တင်ဘာ ၆ ရက်အထိ ရခိုင်ပြည်နယ်အတွင်းက ပိုးတွေ့လူနာ ၅၀၀ ကျော် ရှိပြီး စစ်တွေမြို့က အများဆုံးဖြစ်ပါတယ်။ သတင်း - လင်းလက်၊ ဓာတ်ပုံ - ဒေါက်တာဇော်လွင်ဦး
8 months Ago
More News
Up