စစ်တပ် ၂ ခုကြား

December 24, 2019

လစ်ဗျားနိုင်ငံရှိ စစ်တပ် ၂ ခုကြား ဆက်ဆံရေးတင်းမာနေ 

လစ်ဗျားနိုင်ငံထဲမှာ အစိုးရ နှစ်ရပ်နဲ့ သူတို့ကို သစ္စာခံတဲ့ စစ်တပ် နှစ်တပ် ကွဲပြားနေပြီး စစ်ဘက်ပစ္စည်းပို့ဆောင်တာနဲ့ပတ်သက်လို့ နှစ်ဖက် ဆက်ဆံရေးတင်းမာနေပါတယ်။ စစ်ဘက်ပစ္စည်းတွေကို အစ္စတန်ဘူလ်ကနေ လစ်ဗျားကို ပျံသန်း ပို့ဆောင်နေတဲ့ အရပ်ဘက်သုံး ဘိုးရင်း 747-412 လေယာဉ်ကို စောင့်ကြည့်ခဲ့တယ်လို့ လစ်ဗျား အရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ လစ်ဗျားအမျိုးသားတပ်မတော် LNA က ဒီဇင်ဘာ ၂၂ ရက်မှာ သတိပေး ပြောပါတယ်။ အရပ်ဘက်လေယာဉ်တွေကို သုံးပြီး လက်နက်တွေ သယ်ယူပို့ဆောင်တာ မလုပ်ဖို့နဲ့ လုပ်တာနဲ့ ချက်ချင်း အရပ်ဘက်လေယာဉ် သတ်မှတ်ချက်ကနေ ပယ်ဖျက်ပစ်မယ်လို့ LNA ရဲ့ ပြောခွင့်ရ အာမဒ်မစ်မာရီက တခြားလေကြောင်းလိုင်းတွေကို သတိပေးလိုက်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျားအစိုးရနဲ့ မိတ်ဖက်ပြုထားတဲ့ မစ်ရာတာမြို့ အခြေ စိုက်တိုက်ခိုက်ရေးသမားတွေဆီကို ရာဇသံပေးခဲ့တဲ့ရုပ်သံကိုလည်း တနင်္ဂနွေနေ့က ထုတ်ပြန်ပြီးပြီလို့လည်း ဆိုပါတယ်။ မစ်ရာတာမြို့ထဲကနေ ပြန်ဆုတ်ခွာမယ့် တပ်တွေကိုလည်း ဒီဇင်ဘာ ၂၂ ရက် သန်း ခေါင်ချိန်အစား ဒီဇင်ဘာ ၂၅ ရက် သန်းခေါင်ချိန်ထိ တပ်ပြန်ဆုတ်ဖို့ အချိန်တိုးပေးထား ပြီး ဆုတ်ခွာတဲ့ တပ်တွေကို ပစ်မှတ်မထားဘူးလို့လည်း သူက ပြောပါတယ်။  စစ်ဦးစီးချုပ် ခါလီဖှာဟဲ့ဖ်တာဦးဆောင်တဲ့ LNA စစ်တပ်ဟာ နိုင်ငံတကာ အသိ အမှတ်ပြု အစိုးရကို သစ္စာခံတဲ့ GNA စစ်တပ်ဆီက ထရီပိုလီမြို့ကို သိမ်းယူဖို့ ဧပြီလ တည်းက ကြိုးစားနေတာပါ။ လစ်ဗျားအရှေ့ခြမ်းကို သိမ်းပိုက်ထားတဲ့တပ်တွေဟာ ဒီဇင်ဘာ ၂၁ ရက်က လစ်ဗျား ကမ်းရိုးတန်းမှာ တူရကီဝန်ထမ်းတွေပါတဲ့ သင်္ဘောတစင်းကိုလည်း သိမ်းပိုက်ထားပြီး GNA စစ်တပ်ကို ထောက်ပံ့နေတဲ့ တူရကီအစိုးရနဲ့ တင်းမာမှု တိုးနေတယ်လို့ LNA စစ်တပ် ပြောခွင့်ရက ပြောပါတယ်။
2 years Ago
Up