မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်ညမှာ စစ်ကောင်စီတပ်သားတွေက ပြည်သူ တစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇီးတော နဲ့ သဲပုံရွာချင်းဆက်လမ်းမှာ မနေ့ည ၉ နာရီကျော်လောက်က ထွန်စက်မောင်းပြီး ပြန်လာတဲ့ သဲပုံရွာက ကိုသက်ဝေကို ဇီးတောရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ၁၀ ချက်လောက်ပစ်ခတ်ရာ သေနတ်ကျည် ၂ ချက်ထိမှန်ပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်အုပ်စုတွေ ကင်းပတ်နေတဲ့ အချိန်မှာ တွေလို့ အပစ်ခံလိုက်ရတာ။ ကိုသက်ဝေရဲ့ ကျောကုန်းကို သေနတ်ကျည်တစ်ချက် ရှပ်ထိပြီးတော့ လက်မောင်းကတော့ ထုချင်းပေါက်ထွက်သွားတယ်။ သူ့ကိုတော့ နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်း တစ်ယောက်နဲ့ ဆေးကုသပေးနေတယ်။”
စစ်သား အင်အား ၂၀ လောက်ဟာ ဇီးတောကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားပြီး နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်ထဲကို စစ်အုပ်စုတွေဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး နေအိမ်တွေ၊ ဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးနေသလို ပြည်သူတွေကိုလည်း ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းက ကျောက်မျက်တွင်းမှာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် ကျောက်မျက်တွင်းမှာ အစောင့်ကျနေတဲ့ တွင်းသမား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"မနက် အစောကြီး အလုပ်ဆိုထွက်သွားတာ၊ ညနေ ၃ နာရီလောက်ကျ နှစ်ယောက်လုံး ပစ်သတ်ခံရပြီး သေတယ်ကြားရတာ။ ကလေးတွေက ဘာအပြစ်မှမရှိဘူး"လို့ သေဆုံးသူနဲ့ နီးစပ်သူက ပြောပါတယ်။။
ဘာကြောင့် ပစ်သတ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ စစ်ကောင်စီတပ်က တွင်းသမား နှစ်ယောက်ကို ပစ်သတ်ပြီးနောက် ကျောက်မျက်တွင်းက ပြည်သူပိုင်ပစ္စည်းတွေကိုပါ သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။