စစ်တပ်၏ ပစ်ခတ်မှု

March 30, 2021

မြစ်ကြီးနား၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦးသေဆုံး၊ အိမ်နှင့် ဆိုင်ကယ်များမီးရှို့ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ရမ်ပူရပ်ကွက်၊ နယ်မြေ ၁၄(ခ)မှာ မတ်လ ၃၀ ရက် နေ့လည် ၁၂ နာရီကျော်က အာဏာသိမ်းကောင်စီရဲ့ အကြမ်းဖက်စစ်တပ်က ရပ်ကွက်ထဲအထိ ကျည်အစစ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူငယ်တစ်ဦး ရင်ဘတ်မှာ ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်တပ်ဖွဲ့တွေရဲ့  ပစ်ခတ်မှုကြောင့်  မောင်မျိုးမင်းသူ သေဆုံးသွားခဲ့ပြီး လက်မောင်းမှာ ဒဏ်ရာရရှိသူတစ်ယောက်ရှိကာ ကျန်  အမျိုးသားတစ်ယောက်ကိုလည်း ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

ဒါ့အပြင် အဲ့ဒီရပ်ကွက်ထဲက လူနေအိမ် ၁ လုံးနဲ့  ဆိုင်ကယ် ၃ စီး မီးရှို့ခံရလို့ ပျက်ဆီးသွားပါတယ်။

ဒေသခံ လူတစ်ယောက်က “ Honda Fit အိမ်စီးကားနဲ့  ရပ်ကွက်ထဲအထိ ဝင်ပစ်တယ်။ တစ်ယောက်သေတယ်။ တစ်ယောက်က လက်မောင်းမှာ ဒဏ်ရာရသွားတယ်။ ဆိုင်ကယ်ဝပ်ရှော့ဖွင့်တဲ့ အိမ်ကို ဆိုင်ကယ်ထဲက ဆီကိုထုတ်ပက်ပြီး မီးရှို့သွားတယ်။ ရဲနဲ့စစ်ဝတ်စုံရယ်၊ အရပ်သားဝတ်စုံတွေရောပါတယ်။ အင်အား ၃၀လောက်တော့ရှိမယ်။ သေနတ်အချက် ၄၀ နီးပါးလောက်ပစ်သွားတယ်။ ဒီနေ့နဲ့ဆို ၃ ရက်လောက်ရှိပြီ။ ဒီရပ်ကွက်ထဲကို ဝင်ဝင်ပစ်နေတာ ကျနော်တို့မှာ  နေ့လည်းမအိပ်ရ ညလည်းမအိပ်ရ ဖြစ်နေရတယ်”လို့ ပြောပါတယ်။ 

ရမ်ပူရပ်ကွက် နယ်မြေ ၁၄ (က)မှာလည်း မတ်လ ၂၉ ရက်နေ့ မနက် ၁၁နာရီကျော်က အင်အား ၃၀ လောက်ပါတဲ့ ရဲနဲ့စစ်တပ်က အိမ်စီးကားတွေနဲ့ ရပ်ကွက်အတွင်းဝင်ရောက်ပစ်ခတ်ခဲ့လို့ ကျည်အစစ်ထိမှန်သူ ၂ ယောက်နဲ့ ရာဘာကျည်ထိမှန်သူ ၃ ယောက်ရှိခဲ့ပြီး သူတို့ရဲ့ဒဏ်ရာတွေက သက်သာလာပြီလို့ သိရပါတယ်။

8 months Ago

March 28, 2021

ပုသိမ်တွင် မတ်လ ၂၇ ရက်နေ့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ကျဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ  အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်တပ်တွေ ရပ်ကွက်ထဲဝင်ပစ်ခဲ့လို့ ပြည်သူ ၄ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မနေ့ ည ၁၂ နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်တွေက ဘူတာထိပ်ကနေ ရပ်ကွက်ထဲပစ်ခဲ့လို့ အသက် ၃၁ နှစ်အရွယ် ကိုဝသုန်စိုး ထိမှန်ကျဆုံးခဲ့သလို ညီမဖြစ်သူ ဇာလီနိုင်လည်း ဦးခေါင်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျဆုံးခဲ့တဲ့ ကိုဝသုန်စိုးနဲ့ ဒဏ်ရာရတဲ့ ဇာလီနိုင်တို့ကို အကြမ်းဖက် စစ်အုပ်စုက စစ်ကားနဲ့တင်ဆောင်သွားတာကြောင့် ခုချိန်ထိ အလောင်းပြန်မရသေးဘူးလို့ ဆိုပါတယ်။

ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက် ရာမညမှာ မတ်လ ၂၇ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်တွေက  သေနတ်နဲ့ လိုက်ပစ်လို့ ပြည်သူ ၂ ဦးကျဆုံးခဲ့ပါတယ်။

ပုသိမ်မြို့မှာ မတ်လ ၂၇ ရက်နေ့ တစ်နေ့တည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ည ၈ နာရီအချိန်ထိ ကျဆုံးသူ အမျိုးသား ၃ ဦးရှိခဲ့ပြီး  ကိုဝသုန်စိုးနဲ့ပါဆိုရင် စုစုပေါင်း ၄ ဦးရှိတယ်လို့  သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ကစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတာတွေပြု လုပ်ခဲ့ရာမှာ  အနည်းဆုံး ၉ ကြိမ်ဖြိုခွင်းခံခဲ့ရသလို ကျဆုံးသူ အနည်းဆုံး ၆ ဦးရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

8 months Ago
Up