စစ်တပ်အာဏာသိမ်းယူမှု

February 17, 2021

စစ်တပ်အာဏာသိမ်းယူမှုကို ကယားအခြေစိုက် လက်နက်ကိုင် ၅ ဖွဲ့ ကန့်ကွက်

တပ်မတော်က ပြည်သူ့အာဏာသိမ်းယူခြင်းကို လုံးဝ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့အစိုးရကိုသာ အသိအမှတ်ပြုကြောင်း ကယားပြည်နယ် အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်အမျိုးသားညီညွတ်ရေး ပူးတွဲကော်မတီက ထုတ်ပြန်ကြေညာပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီထွန်းကာရေးနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲဖို့လည်း တောင်းဆိုထားပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းကျကျ တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့လည်း တောင်းဆိုထားပါတယ်။

ကရင်နီပြည်အမျိုးသားညီညွတ်ရေးပူးတွဲကော်မတီဟာ ကယားပြည်နယ်အခြေစိုက်ပြီး ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နီပြည်လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ ကယန်အမျိုးသားကာကွယ်ရေးတပ် (KNG)၊ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) တို့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ 

10 months Ago
Up