စစ်တပ်အာဏာသိမ်းမှု

June 22, 2022

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း ပြည်တွင်း စားအုန်းဆီဈေးနှုန်း ၄ ဆမြင့်တက်

မြန်မာပြည်တွင်းရောင်းချရမယ့်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မြှင့်တင်လိုက်တာနဲ့အတူ ပြင်ပလက်လီဈေးနှုန်းတွေလည်း  ပိုမိုမြင့်တက်လာနေပါတယ်။ 

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက  ဇွန် ၂၀ ရက်ကနေ ဇွန် ၃၀ ရက်နေ့အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို တပိဿာ ၅၈၁၅ ကျပ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

ကော်မတီက ပြီးခဲ့တဲ့သီတင်းပတ် သတ်မှတ်စျေးနှုန်းထက် တပိဿာကို ကျပ် ၁၇၀ ပိုမိုသတ်မှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က သတ်မှတ်နှုန်းကတော့  တပိဿာကို ၅၆၄၅ ကျပ် ဖြစ်ပါတယ်။

ဒါပေမဲ့ ပြင်ပလက်လီစျေးကွက်အတွင်းမှာတော့  တပိဿာကို ကျပ်  ၈၀၀၀ အထက်၊ ကျပ် ၉၀၀၀ နီးပါးထိ မြင့်တက်နေတယ်လို့  စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ ဒါကြောင့် သတ်မှတ် အခြေခံ လက်ကားရည်ညွှန်း ဈေးနှုန်းနဲ့ ပြင်ပလက်လီဈေးက  ကျပ် ၂၀၀၀ ကျော် ၃၀၀၀ ဝန်းကျင် ကွာဟချက် ရှိနေပါတယ်။

စားအုန်းဆီဈေးနဲ့အတူ ပြည်တွင်းမှာ ကြိတ်ခွဲထွက်ရှိတဲ့ မြေပဲဆီ၊ နှမ်းဆီဈေးနှုန်းတွေကလည်း တပိဿာကို လက်လီဈေး ကျပ် ၁၀၀၀၀ အထက်မှာရှိနေပါတယ်။ အလားတူ တခြား စားဆီဈေးနှုန်းတွေကလည်း အမြင့်ဈေးမှာပဲ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင် ဇန်န၀ါရီလက ပြည်တွင်းလက်လီဈေးကွက်မှာ စားအုန်းဆီ တပိဿာကို ကျပ် ၂၀၀၀ ကျော်ပဲရှိခဲ့ပါတယ်။ 

စစ်ကောင်စီက ပြည်တွင်းစားဆီဈေး ကျဆင်းအောင်၊ ဈေးနှုန်းတည်ငြိမ်အောင် ထိန်းကျောင်းဆောင်ရွက်နေတယ်လို့ဆိုပေမဲ့ တနှစ်ကျော်အတွင်း လေးဆကျော် မြင့်တက်လာတဲ့ စားအုန်းဆီဈေးနှုန်းက ၀င်ငွေနည်းပါးတဲ့ အခြေခံပြည်သူတွေအတွက် နေ့စဥ်နဲ့အမျှ ဖိစီးရိုက်ခတ်စေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရပ်တန့်၊ နှေးကွေးသွားခဲ့ပြီး၊ ၀င်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့နည်းနေချိန် ကျပ်ငွေတန်ဖိုး ထိုးဆင်းပြီး အထွေထွေကုန်စျေးနှုန်း မြင့်တက်နေတဲ့ဒဏ်ကိုလည်း အများပြည်သူက ခံစားနေရတာပါ။

လတ်တလော မြန်မာနိုင်ငံမှာ ဆန်၊ ဆီ၊ ဆား စတဲ့အခြေခံစားကုန်တွေအပြင် စားသောက်ကုန်၊ လူသုံးကုန်၊ စိုက်ပျိုးရေးသွင်းအားစုနဲ့ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေပါ ဈေးအဆမတန် ကြီးမြင့်နေပါတယ်။

5 months Ago

June 16, 2022

စစ်တပ်အာဏာသိမ်းပြီး တနှစ်မပြည့်ခင် စစ်ကောင်စီခန့် ဝန်ကြီးအချို့ ကျပ်သိန်းထောင်ချီ လာဘ်စားခဲ့မှု ပေါ်ပေါက်

စစ်တပ်အာဏာသိမ်းပြီး တနှစ်မပြည့်ခင် ကာလအတွင်း ကျပ်သိန်းထောင်ချီလာဘ်စားခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့မှုအတွက်  စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း  ဦးလှစိုး အပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုနဲ့ အမှုအဖွင့် အရေးယူလိုက်ပါတယ်။

စစ်ကောင်စီခန့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနဲ့ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်ကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရ လည်းကောင်း ရန်ကုန်တိုင်းရှိ၊ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ ဇွန် ၁၄ ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေးဖို့ ဆောင်ရွက်နေတာလို့ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇွန် ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဦးလှစိုးနဲ့ ဦးအောင်သန်းဦးတို့ဟာ ရန်ကုန်တိုင်းအစိုးရမြေများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအဆုံးအဖြတ်နဲ့  ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အတွင်း မြေကွက်တွေရောင်းချပေးခဲ့ရာမှာ ကာလတန်ဖိုး သတ်မှတ်ချက်အောက်သို့ လျှော့ချခွင့်ပြုပေးခဲ့လို့ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒလမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ မြေကွက် ၉ ကွက် မြေဧရိယာ ၂၆၂ ဧကလောက်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဦးစိုးစိုးဇော်ဟာလည်း  အစိုးရမြေများ စီမံခန့်ခွဲရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး မြေလျှောက်ထားတာ၊ မြေကွက်ဈေးနှုန်း သတ်မှတ်ဆောင်ရွက်တဲ့ကိစ္စတွေမှာ ရောင်းချမြေတန်ဖိုးတွေဟာ  ကာလတန်ဖိုးအောက် များစွာ လျော့နည်းနေတာကို တင်ပြမှုမရှိခဲ့ဘဲ ဝယ်ယူခွင့်ရရှိသူတချို့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး မြေနေရာ ချထားပေးနိုင်အောင် တင်ပြဆောင်ရွက်ခဲ့လို့ နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးစေခဲ့ရာမှာ  ပါဝင်အားပေး ကူညီခဲ့ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဦးလှစိုးဟာ နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အစိုးရမြေတွေ နေရာချထားပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးထံက ငွေကျပ်သိန်း ၂၅၀၀ ကို ငါးကြိမ်ခွဲပြီး တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သလို ဦးအောင်သန်းဦးကလည်း ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးထံက မြေကွက် လျှောက်ထားတဲ့ ကိစ္စပေးတဲ့  ငွေကျပ်သိန်း ၅၀၀၀ ကို နေအိမ်မှာ ခြောက်ကြိမ်ခွဲပြီး လက်ခံရယူခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဦးအောင်သန်းဦးဟာ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ (၃)ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူ တစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း ၉၅၀၀ ကျော် ကောက်ခံရယူခဲ့တဲ့ငွေတွေကို မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)မှာ သူ့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့တယ်လို့ဆိုပါတယ်။

ဦးစိုးစိုးဇော်ဟာလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြေဧရိယာ ၃၂ ဧကကျော် မြေကွက်ရောင်းချရရှိမယ့် အကျိုးအမြတ်ငွေအပေါ်မှ ၂၀ ရာခိုင်နှုန်းပေးအပ်ဖို့ ညှိနှိုင်းသဘောတူညီခဲ့တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး  တံစိုးလက်ဆောင်ရယူဖို့ လုပ်ခဲ့တယ်လို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

စွပ်စွဲခံရသူ ၃  ဦးဘက်ကတော့ အဆိုပါစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြန်လည်ချေပပြောဆိုနိုင်ခွင့် မရရှိသေးသလို သူတို့ကို  လက်ရှိဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရသေးပါဘူး။

6 months Ago
More News
Up