စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်

October 11, 2021

ဖားကန့်တွင် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ယူမာဘက်က စစ်တပ်ပိုင်  Mytel ဆက်သွယ်ရေး တာဝါတိုင် အောက်တိုဘာ ၁၀ ရက် မနေ့ ည ၉ နာရီ ဝန်းကျင်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

“ည ၉ နာရီလောက်က ဖောက်ခွဲခံရတာ။ အသံအကျယ်ကြီးပဲ။ အောက်က စက်ပစ္စည်းတွေ အကုန်လောင်သွားတယ်” လို့ ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့မှာ ဖောက်ခွဲဖျက်ဆီးခံရတဲ့ MyTel ဆက်သွယ်ရေးတာဝါတိုင်  စုစုပေါင်း ၄ တိုင်ရှိပြီ ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ  ဩဂုတ် ၂၀ ရက် ည ၈ နာရီကစပြီး စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားတာ  ၂ လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

“အင်တာနက်ဖြတ်ထားတာလည်း ၂ လနီးပါး ရှိလာပြီ။ မနေ့ကဆို အော်ရီဒူးဖုန်းလိုင်းက ဆက်မရဘူး။ ဒီမနက် ၁၀ နာရီလောက်မှ ဖုန်းပြန်ဆက်လို့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့မှာ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် ၁ နာရီ ကျပ် ၁၀၀၀၀ လောက်ပေးပြီး အသုံးပြုနေရတာ ဖြစ်ပါတယ်။

1 year Ago
Up