စစ်တပ်က ဝင်ရောက်စီးနင်း

September 29, 2021

မုံရွာအန်အယ်လ်ဒီရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းဘေး ဒေါနခြံရပ်ကွက် ရေစင်ကြီးအနီးက  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို  စက်တင်ဘာ ၂၈ ရက် ည  ၁၂ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ လာရောက်စီးနင်း ရှာဖွေကာ ပိတ်ထားတဲ့ ရုံးအတွင်း နေထိုင်သူ လင်မယားနှစ်ယောက်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရုံးကတော့ ပိတ်ထားတာကြာပြီ။ ရုံးထဲမှာရှာဖွေပြီး ရုံးမှာနေတဲ့ လင်မယားနှစ်ယောက်ကို ခေါ်သွားတယ်။ ဘယ်ကို ဘယ်လိုခေါ်သွားလဲတော့မသိဘူး။ စစ်ကားအကြီး ၂ စီး၊ အသေး ၁ စီးနဲ့ လာတာ” ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းဦးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလည်း စက်တင်ဘာ ၂၈ ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နေ့စဉ် ဆန္ဒပြနေတဲ့ဒေသလည်း ဖြစ်ပါတယ်။

ဒလန် သုတ်သင်ရှင်းလင်းတာ၊ Mytel တာဝါတိုင် ဖောက်ခွဲ မီးရှို့ ဖျက်ဆီးတာတွေကြောင့် အန်အယ်လ်ဒီနဲ့ နီးစပ်သူတွေ အပါအဝင် လူငယ်တွေဟာ PDF လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

2 months Ago

September 19, 2021

ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ်အတွင်း ပြည်သူအချို့ ပျောက်ဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က စစ်တပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း  ဒေသခံပြည်သူအချို့ ပျောက်ဆုံးနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျေးရွာတချို့က ပြည်သူတချို့ ပျောက်ဆုံးတဲ့သတင်းပို့ပေးကြတယ်။သူတို့က သာမန် အရပ်သားတွေ တချို့လည်း သွားရင်းလာရင်း၊ ပြေးရင်းလွှားရင်း ပျောက်သွားကြတာ။ အလောင်းလည်းမတွေ့ အဆက်အသွယ်လည်း မရဖြစ်နေတာ”လို့ PDFအဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။

စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ဘောကုန်းကျေးရွာသားတွေဖြစ်တဲ့ ကိုအောင်ထိုက် ( ၃၂ ) နှစ်နဲ့ ကိုအောင်ဖြိုးဝေ ( ၁၄ ) နှစ်တို့ နှစ်ဦးဟာ ရွာနီးချင်း သရက်ကျင်းရွာကို ကြက်သားသွား ဝယ်ပြီးပြန်အလာ လမ်းမှာတင်ပျောက်ဆုံးခဲ့တာဖြစ်ပြီး တနယ်ကျေးရွာက CDM ကျောင်းဆရာ တယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

(ဓာတ်ပုံ- ပျောက်ဆုံးနေသည့် မောင်အောင်ဖြိုးဝေ နှင့် ကိုအောင်ထိုက် )

ဒါ့အပြင် မူးအုံးကျေးရွာက ကိုစိုးနိုင်ဆိုတဲ့ လူငယ်တစ်ဦးဟာလည်း ပျောက်ဆုံးပြီး အဆက်သွယ်မရ တာ ၆ လခန့်ရှိပြီဖြစ်သလို စိုင်ပြင်သုဿန်မှာလည်း အမည်မသိအလောင်း တစ်လောင်းတွေ့ရတယ်လို့  သိရပါတယ်။

ဒီပဲယင်းမြို့နယ် ကျေးရွာ ၃၀ လောက်မှာ  အကြမ်းဖက်စစ်တပ်က စီးနင်းတာတွေကြောင့် ဒေသခံတွေဟာ နေအိမ်ကနေ လနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခုအခါ ကိုယ့်ရပ်ကိုယ့်ရွာပြန်ရောက်နေကြသလို အရပ်သားပြည်သူတချို့ပျောက်ဆုံးနေတာဖြစ်ပါတယ်။

2 months Ago
Up