စစ်တပ်က ဝင်မီးရှို့

October 7, 2021

မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို စစ်တပ်က ဝင်မီးရှို့ပြီး ပြည်သူ ၃ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို ဒီကနေ့ အောက်တိုဘာလ ၇ ရက် မနက် ၁၀ နာရီဝန်းကျင်က အကြမ်းဖက် စစ်ကောင်စီတပ်တွေရောက်ရှိလာကာ နေအိမ်တွေကို မီးရှို့ပြီး ရွာခံပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက ''မနက်က စစ်ကား ၇ စီးနဲ့ ရွာထဲကိုဝင်လာပြီး ရွာကလူနေတွေရဲ့နေအိမ်တွေကို မီးရှို့ကြတယ်။ သိရသလောက်တော့ အိမ် ၅ လုံးမီးလောင်တယ်လို့ကြားတယ်ဗျ။ မီးလောင်နေတဲ့အိမ်တွေကို မီးလာငြှိမ်းတဲ့ ရွာခံ ၃ ဦးကို ပစ်သတ်တယ်လို့ သိရတယ်။ ရွာသားတွေက ရွာထဲမှာမနေရဲကတော့ဘူး။ ထွက်ပြေးကုန်ကြပြီ'' လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းက ဒေသခံရွာသားတွေရဲ့ နွား၊ ကျွဲ၊ ကြက်၊ ဝက်တွေကိုလည်း သတ်ဖြတ်ကြပြီး ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲနေထိုင်နေကြပါတယ်။

မင်းတန်းကျေးရွာဟာ အိမ်ခြေ ၆ဝဝ နီးပါးရှိပြီး  လူဦးရေ ၁၅၀၀ ဝန်းကျင်နေထိုင်နေတဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်တပ်ရဲ့ နေအိမ်မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

1 year Ago
Up