စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

September 16, 2021

တွံတေးမြို့နယ်တွင် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ ပြည်သူ ၂ ယောက်ကို စစ်တပ်က ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီခိုရွာက ကိုသက်လွင်ဦးနဲ့ ကိုလူအေးတို့ကို စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက စစ်တပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးတာမှာ တယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

“ရွာက စစ်ကောင်စီခန့် အုပ်ကြီးက လူမှုရေးပြဿနာ အရင်က တက်ဖူးတာကို အခု အုပ်ကြီးဖြစ်တော့ PDF ဆိုပြီး စစ်တပ်ကို ခေါ်ဖမ်းခိုင်းတာ။ ကိုသက်လွင်ဦးက ပရဟိတလုပ်တယ်။ သူ့အိမ်ရှေ့ကနေ ဆဲဆိုပြီး အဖမ်းခံဖို့ပြောတော့ အိမ်ရဲ့နောက် ဝါးခြံထဲကို ထွက်ပြေးတာကို လိုက်ပစ်တာ။ ၃ ချက်ထက်မနည်းထိပြီး နေရာမှာပဲ သေဆုံးသွားပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

နောက်ထပ် ပရဟိတလုပ်တဲ့ လူငယ် ကိုလူအေးကိုလည်း ဖမ်းသွားရင်း စက်လှေပေါ်မှာ သတ်လိုက်တယ်လို့ ဆိုပါတယ်။

“ဆေးရုံရင်ခွဲရုံမှာ အလောင်း နှစ်လောင်းရောက်နေတယ်။ ကိုလူအေးကိုတော့ အိမ်ကနေ ဖမ်းသွားတာ။ လမ်းမှာ သတ်ပစ်တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

တွံတေးမြို့ပေါ်ကနေ စက်လှေ ၅ စီးနဲ့ စစ်သား ၁၇ ယောက်၊ ရဲ ၅ ယောက်လာကြတာလို့လည်း ဒေသခံတယောက်က ပြောပါတယ်။ 

တွံတေးမြို့နယ်က သေဆုံးသွားသူတွေရဲ့ အလောင်းကိုလည်း ဒီနေ့အထိ ပြန်မရသေးဘူးလို့ ပြောပါတယ်။

1 month Ago
Up