စစ်တပ်က ဖမ်းဆီးပစ်သတ်

August 13, 2021

ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ လူငယ် ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပန်းမှုံချောင်းရွာက လူငယ်တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက  သြဂုတ်လ ၁၂ ရက်နေ့ ည ၇ နာရီကျော်လောက်မှာ ဖမ်းဆီးပြီး  ပစ်သတ်သွားပါတယ်။

ပစ်သတ်ခံရသူဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်နေချိန် ဆိုင်ကယ်နဲ့ ဖြတ်သွားရင်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ဆိုကြပါတယ်။

ကလေး PDFတာဝန်ရှိသူ ကိုနေသစ်က  “မနေ့က ညနေပိုင်းမှာ ကျနော်တို့ ကလေး PDF တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲ သုံးနေရာဖြစ်တယ်။ ကလေးမြို့နယ် ဟားခါးလေးရွာနတ်ချောင်း ချောင်းခွရွာအပြင်မှာ တိုက်ပွဲဖြစ်တယ်။ အဲဒီအချိန်မှာ ဆိုင်ကယ်လာတဲ့ လူငယ်တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်တွေ ဖမ်းဆီးသွားတယ်။ အခုမနက်တော့ အဲဒီလူငယ်ပစ်သက်ပြီး သေဆုံးနေတာကို တွေ့ရှိခဲ့တယ်”လို့ ပြောပါတယ်။

သြဂုတ်လ ၁၂ရက်နေ့က ကလေး PDFတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး PDFတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

4 months Ago
Up