ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကြံခင်းရွာအနီးက ခလရ ၄၃၇ တပ်နားမှာ နိုဝင်ဘာ ၂၈ ရက် နေ့လယ် ၂ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က မြို့တွင်းဝင်ရောက် ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ယာဉ်တန်းကို ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KIA က မိုင်းဆွဲတိုက်ခိုက်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး ၁ နာရီခန့်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်း ပစ်ခတ်ဝင်ရောက်ပြီး လမ်းသွားလမ်းလာနဲ့ ဒေသခံတချို့ကို ဖမ်းဆီးခဲ့တယ်လို့ မိုးမောက်မြို့ခံ တစ်ဦးကပြောပါတယ်။
“လက်နက်ကြီးသံ ၁၃ ချက်လောက်ကြားရတယ်။ ဗုံးပေါက်ကွဲသံရောပဲ။ တိုက်ပွဲဖြစ်တဲ့နေရာက ဒေသခံတွေ မြို့ထဲ တိမ်းရှောင်လာကြတယ်။ စစ်သားတွေက မြို့ထဲဝင်လာပြီး ပစ်ခတ်ခဲ့တယ်။ အဲဒီနောက် ဒေသခံ အမျိုးသမီး၊ လူငယ်၊ လူကြီး၊ ကလေးတွကို ဖမ်းဆီးခဲ့တယ်။”
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံး ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က ဒေသခံ ၃၀ လောက်ကို ဖမ်းဆီးခဲ့ကာ အမျိုးသမီး တချို့နဲ့ လူကြီးတချို့ကို ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး လူငယ်တချို့ကိုတော့ ခလရ-၄၃၇ တပ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပေမဲ့ နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းအထိ ဘယ်နှဦး ခေါ်ဆောင်သွားလဲဆိုတာ အတည်မပြု နိုင်သေးပါဘူး။
ဖောက်ခွဲတိုက်ခိုက်မှုတွေ များလာတဲ့ မိုးမောက်မြို့အဝင်အထွက်တိုင်းမှာ စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ဒေသခံတွေ သွားရေးလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသခံ KIA ထံ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
မိုးမောက်မြို့နယ်အတွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဗုံးပေါက်ကွဲတာတွေ၊ တိုက်ပွဲဖြစ်ပွား တာတွေ အချိန်အတန်ကြာ ငြိမ်သက်နေရာမှာ အခုအခါ ပြန်လည်ဖြစ်ပွားလာတာပါ။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းမှာ စစ်ရှောင်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ခံခဲ့ရတဲ့ ပြည်သူ ၇ ဦးကို ကနီဆေးတပ်ဖွဲ့ (Kani medical team ) က နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ သွားရောက်ဆေးကုသမှု ပေးခဲ့ပါတယ်။
ဒဏ်ရာရသူ ၇ ဦးဟာ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁ ဦးဖြစ်ပြီး အဲဒီထဲက အမျိုးသမီး ၂ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆေးကုသမှုပေးနေတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ရှောင်ပြည်သူ ၇ ဦးနဲ့ PDF ဘက်က ၂ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ၉ ဦးရှိကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နဲ့ KPDF(Kani PDF) မဟာမိတ်တပ်ပေါင်းစု အဖွဲ့တို့ဟာ ကနီမြို့နယ်နှင့် ဘုတလင်မြို့နယ် အစပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့မှုရှိခဲ့ပြီး မြသိန်းတန် ဘုရားကုန်း ပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
မကွေးတိုင်း ဆောမြို့နယ်မှာလည်း နိုဝင်ဘာ ၂၅ ရက်က PDF- ဆောတပ်ဖွဲ့က ဒေသခံပြည်သူ ၁၅၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။
သက်ကြီးဘိုးဘွားတွေနဲ့ ကလေးငယ်တွေအပါဝင် ဒေသခံပြည်သူ ၁၅၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တဲ့အပြင် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စကားတွေပြောပြီး ပြုစုစောင့်ရှောက်ပေးခဲ့တယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။