စစ်တပ်ကဖမ်းဆီး

November 26, 2021

မိုးကုတ်မြို့ ဆင်တောင်ဘုန်းကြီးကျောင်းနေသူ ၃ ဦးကို စစ်တပ်ကဖမ်းဆီး

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းက ဆင်တောင်ဘုန်းကြီးကျောင်းကို  နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ကဝင်စီးပြီး ဘုန်းကြီးကျောင်းနေသူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဦးပဥ္ဇင်း တစ်ပါးကို လာရှာတာလို့ ပြောတယ်။ လာရှာသူကိုမတွေ့တော့ ရှိတဲ့ ဘုန်းကြီးကျောင်းမှာနေတဲ့သူ ၃ယောက်ကို ဖမ်းသွားတယ်။ ဦးပဥ္ဇင်း အခန်းကိုလည်း ဝင်ရှာသွားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မနက်ပိုင်း ၅ နာရီခွဲလောက် စစ်ကောင်စီတပ်က အင်အား ၃၀ လောက်နဲ့ ဆင်တောင် ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် မနက် ၆ နာရီမှာ ဘုန်းကြီးကျောင်းနေသူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဦးပဥ္ဇင်းကို ဝင်ရှာတယ်ဆိုတာနဲ့ ကျန် ၃ ဦးကို ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို မသိရဘူးလို့ မြို့ခံက ပြောပါတယ်။

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း အနည်းဆုံး အရပ်သား ၁၃ ဦးလောက် ဖမ်းဆီးခံထားရပါသေးတယ်။

2 weeks Ago

November 25, 2021

တွံတေးမြို့နယ်တွင် ပြည်သူ အယောက် ၃၀ ကျော်ကို စစ်တပ်ကဖမ်းဆီး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ  စစ်ကောင်စီတပ်က  အရပ်သား ပြည်သူ အယောက်  ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တွံတေးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်သား ၂ ယောက်သတ်ခံရပြီးနောက်မှာ  ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတာပါ။

"အယောက် ၃၀ ကျော်လောက်ဖမ်းထားတယ်။ စမ်းရွာက အိမ်တအိမ်မှာ ချုပ်ထားတယ်။ ဟိုနေ့ကလည်း ရွာဥက္ကဋ္ဌအပါအဝင် စမ်းရွာက တရွာလုံးကို လမ်းမပေါ်ထွက်ထိုင်ခိုင်းပြီး ဖုန်းတွေကို စစ်တယ်။ တကယ်တော့ လူတွေကို လှန့်တာ"လို့ ဒေသခံတယောက်က ပြောပါတယ်။

တွံတေးလမ်းမကြီးတလျှောက်က ကံဘဲ့၊ စမ်းရွာ၊ ပေါက်တော၊ လာကပုံ၊ ကျိုက်သလဲနဲ့ ဘုရားကြီးရွာတွေကို စစ်တပ်က  နေ့တိုင်းလိုလို စိတ်ထင်တိုင်းဝင်ရောက်စစ်ဆေးနေတာလို့ ရွာသားတွေက ပြောပါတယ်။

စစ်သား ၂ ယောက်ပစ်သတ်ခံရတဲ့နေ့ ညပိုင်းမှာ စစ်တပ်က ရွာတွေကို ဝင်ရောက်ပြီးနောက် မိန်းကလေးငယ်တယောက်ကို စတင်ဖမ်းဆီးသွားခဲ့ပြီး  အအခုထိ ပြန်မလွတ်သေးပါဘူး။

ပြီးတော့ ကျေးရွာတွေမှာ ကျောင်းသူကျောင်းသားတွေ ကျောင်းတက်ဖို့ကိုလည်း စစ်ကောင်စီက အတင်းအကျပ်ဖိအားပေး နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 weeks Ago
More News
Up