စစ်တပ်

January 30, 2023

သံတောင်မြို့တွင် တိုက်ပွဲဖြစ်၊ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများ တိမ်းရှောင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မြို့ထဲကို ဆက်တိုက်ပစ်ခတ်လို့ မြို့နေလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က ထွေအုပ်ရုံးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သစ်စက်ကုန်းရပ်ကွက်နဲ့ ရပ်ကွက် ၄ တို့မှာ လက်နက်ကြီးကျခဲ့ပြီး သစ်စက်ကုန်းမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လူနေရပ်ကွက်ထဲ ပစ်ခတ်လို့ နေအိမ်တလုံး ခေါင်မိုးပျက်စီးသွားပြီး ပြည်သူနှစ်ဦးလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီကနေ့မနက်မှာတော့ တိုက်ပွဲဖြစ်ပွားနိုင်လို့ မြို့နေလူထု အတော်တော်များများ ထွက်ပြေးတိမ်းရှောင်ကုန်တယ်လို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတဦးက ပြောပါတယ်။

“စကစတပ်တွေက ၃ ရက်ဆက်တိုက် လက်နက်ကြီး၊ ငယ် မြို့ထဲမှာ လျှောက်ပစ်နေတယ်။ ဒီမနက် သူများရွှေ့ခိုင်းတယ် သတင်းကြားလို့ ရွှေ့လိုက်တာပါ။ ၁၉ မိုင် (သံတောင်မြို့) မှာ တမြို့လုံးနီးပါး ရွှေ့ကုန်ပြီ။ နီးစပ်ရာဆွေမျိုးရှိတဲ့နေရာ။”

မြိုခံလူထုတွေဟာ  တောင်ငူ၊ ပျားစခန်း အစရှိတဲ့ ဆွေမျိုးတွေရှိရာဆီကို ရွှေ့ပြောင်းနေကြပြီး မြို့ထဲမှာ လူအနည်းငယ်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို သံတောင်မြို့ဘက်လူတွေ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ တောင်ငူမြို့မှာလည်း စစ်တပ်အင်အား အများအပြားနဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံလူထုတွေက ပြောပါတယ်။

သံတောင်မြို့ဟာ ပဲခူးတိုင်း၊ တောင်ငူမြို့ကနေ ကရင်ပြည်နယ် သံတောင်ကြီးမြို့ကြားမှာ တည်ရှိပြီး ကရင်လူမျိုးနဲ့ ခရစ်ယာန်ဘာသာဝင် အများဆုံးနေထိုင်တဲ့မြို့ ဖြစ်ပါတယ်။

4 mins Ago

January 29, 2023

ရွာသစ်ရွာနှင့်မြစ်ကူးတံတားကို စစ်တပ်ကမီးရှို့၊ ဒီပဲယင်းစစ်ရှောင် ၁ သောင်းကျော် အရေးပေါ် အကူအညီ လိုအပ်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၃၀ လောက် ဇန်နဝါရီ ၂၈ ရက် မနက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်ပြီး နေအိမ် ၆ လုံးနဲ့  မူးမြစ်ကူးတံတားငယ်တစင်းကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒါ ဒုတိယကြိမ်ဗျ။ ပထမတခါလည်း မီးရှို့သွားလို့ ပြန်ပြင်ထားရတယ်။ ဒါကိုပဲ အပြန်မှာ တောသွားတဲ့ အမျိုးသမီး လေးယောက်ဆီက ဖုန်း ၄ လုံးနဲ့ ငွေသားတွေ ဓားပြတိုက်သွားသေးတယ်” လို့ KDKတပ်ဖွဲ့ရဲ့ ပြန်​​ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အခုလို မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ယာသုံး ခိုင်းနွားတကောင် မီးလောင်သေဆုံးပြီး အကောင်ရေ  ၂၀ ခန့် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့သလို လယ်ယာသုံး ခုတ်စက်တွေနဲ့ ရေစုပ်စက်တွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာထဲကနေအိမ်တွေကို ဝင်ရောက်မွှေနှောက်သွားပြီး စျေးဆိုင်တခုက ကျပ်ငွေ ၃ သိန်းကျော်အပါဝင် ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ်မှာ ကျေးရွာပေါင်း ၆၀ က  ပြည်သူပိုင်နေအိမ်ပေါင်း ၂၉၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူပေါင်း ၁ သောင်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြာရေးက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အ‌ရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝငိရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

အင်အား ၁၅၀ လောက်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီပဲယင်း မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို ဇန်နဝါရီ ၂၃ ရက်နေ့က စတင်မီးရှို့ဖျက်ဆီးနေတဲ့အတွက် ကျေးရွာ ၁၅ ရွာလောက်က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အစားအစာနဲ့ဆေးဝါး အကူအညီလိုအပ်နေတယ်လို့ ဒေသခံစစ်ဘေးရှောင်တဦးက ပြောပါတယ်။

"ဇန်နဝါရီ ၂၃ရက်နေ့က စပြီး အုန်းတပင် ရွာအပါအဝင် ကျေးရွာ ငါးရွာကို မီးရှို့တယ်။ အင်အား ၁၅၀ လောက်က အုပ်စုခွဲပြီးရှို့တာ။ အနီးနားက ရွာကလူတွေလည်း ရွာကိုစွန့်ပြီး ထွက်ပြေးကြတာ အားလုံး ၁၅ ရွာလေါက်ရှိတယ်။ အဓိက လိုတာကတော့ အစားအစာ နဲ့ ဆေးဝါးပါပဲ။ အဝတ်အထည်နဲ့ စောင် ရရင်လည်း လိုချင်ပါတယ်။"

စစ်ကောင်စီဆပ် စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့အတွက် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက လက်ယက်ကုန်း၊ မူးကတွင်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ သပြေသာ၊ သစ်တုံ၊ မရကန်၊ တနယ်၊ ဆင်ရောက်ကုန်း၊ ပေါက်တော၊ နဘဲလှ စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူ ၁ သောင်းကျော်ဟာ စစ်ကြောင်း နဲ့ ဝေးရာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတာပါ။

ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီအတွင်း စစ်ကောင်စီစစ်ကြောင်း မီးရှို့ခဲ့တဲ့ ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

1 day Ago
More News
Up