စစ်ကျန်ဗုံးသီးဟောင်းပေါက်ကွဲ

February 26, 2020

မိုးညှင်းမြို့နယ်တွင် အမှိုက်မီးရှို့ရာက စစ်ကျန်ဗုံးသီးဟောင်းပေါက်ကွဲ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ အမှိုက်မီးရှို့ရာကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြောင့် ဒေသခံရွာသားတွေ  အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ ဖေဖေါ်ဝါရီ ၂၅ ရက် မနက် ၆ နာရီလောက်က  ထန်းတပင်ကျေးရွာရှိ ဒေါ်စန္ဒာဝင်းရဲ့ နေအိမ်အနောက်ဘက်မှာ အမှိုက်မီးရှို့ရာကနေ နေ့လယ် ၁ နာရီခွဲမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားခဲ့ရတာဖြစ်ပါတယ်။ ဒေသခံရွာသူ ဒေါ်စန္ဒာဝင်းက "ရွှီးရွှီးအသံတွေ အရင်ကြားထဲက ပြေးကြပုန်းကြပါတယ်။ နောက်မှ ပေါက်ကွဲသံကြီး ကြားရတာပါ။ ကောင်းကင်မှာသံပြားလိုဟာ ၁၀ အိမ်ကျော်ထိ လွှင့်ပျံသွားတာတော့ မြင်ရပါတယ်။ လူတွေတော့ မထိခိုက်ပါဘူး။ ပေါက်ကွဲတဲ့နေရာမှာတော့ တစ်ပေအကျယ် တစ်ပေခွဲနက်တဲ့ ကျင်းဖြစ်သွားပါတယ်”လို့ ပြောပါတယ်။ အိမ်ခေါင်မိုးသွပ် ၂ ချပ်ပေါက်သွားပြီး သစ်သားဆင့်ချောင်း ဖွာကျသွားတယ်လို့ ထန်းတပင်ကျေးရွာနေ ဒေါ်အေးအေးမြင့်က ပြောပါတယ်။ အခင်းဖြစ်နေရာသို့ မိုးညှင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတွေနဲ့  အမှတ် (၉၀၄)တပ်မှ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးကြပြီး စစ်ပွဲကျန်ဗုံးသီးဟောင်းလို့ ယူဆကာ တွေ့ရှိရတဲ့ ပေါက်ကွဲသံပြားစကို ၉၀၄ စစ်တပ်က သိမ်းဆည်းသွားပါတယ်။ သတင်း - မုန်းမုန်းမင်း
1 year Ago
Up