စစ်ကျန်ဗုံးသီး

December 24, 2020

မိတ္ထီလာတွင် စစ်ကျန်ဗုံးသီးဟောင်း ၁ လုံးတွေ့

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ဝန်ထမ်းအိမ်ရာဆောက်လုပ်ဖို့ ဖောင်ဒေးရှင်းလိုင်ကျင်း မြေတူးရာက စစ်ကျန်ဗုံးသီးဟောင်း ၁ လုံး တွေ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိ ၁ ဦးက ပြောပါတယ်။ "ဟုတ်ပါတယ်၊ ဖောင်ဒေးရှင်း လိုင်းကျင်း မြေတူးရာက သံချေးတက်နေတဲ့ စစ်ကျန်ဗုံးသီးဟောင်း ၁ လုံး တွေ့ပါတယ်။ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို လွှဲလိုက်ပါပြီ" လို့ ပြောပါတယ်။ ဆောက်လုပ်ရေးယန္တရားဝန်းထဲမှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအတွက် ၄ ခန်းတွဲ ၂ ထပ်ဆောင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်းလိုင်းကျင်း မြေတူးရာ အနက် ၆ ပေအရောက်မှာ လုံးပတ် ၁၀ လက်မ အလျား ၁၄ လက်မရှိ စစ်ကျန်ဗုံးသီးဟောင်း ၁ လုံးတွေ့ခဲ့တာဖြစ်ပြီး အသုံးပြုမရတော့ဘူးလို့ သိရပါတယ်။  စစ်ကျန်ဗုံးသီးဟောင်းကို အမှတ် ၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို စနစ်တကျလွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။ မိတ္ထီလာမြို့ဟာ ဒုတိယကမ္ဘာစစ်တုန်းက စစ်တပ်တွေအခြေစိုက် စစ်စခန်းချခဲ့တဲ့ မြို့ ၁ မြို့ ဖြစ်ခဲ့ပါတယ်။ မောင်မောင်လင်း
10 months Ago
Up