စစ်ကောင်စီလေတပ်

October 9, 2021

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသထဲကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသထဲကို အောက်တိုဘာ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေ့လယ် ၁၂ နာရီ ၁၀ မိနစ်လောက်က ဂျက်ဖိုက်တာ ၂ စီးပေါ့၊ အဲဒါနဲ့ လာပစ်သွားတာ။ စစ်တပ်ဘက်ကပေါ့။ မိုင်းနောင်ရွာရဲ့ အနောက်တောင်ဘက်ကို ပစ်သွားတာ။ ထိခိုက်မှုတော့ မရှိပါဘူး။ တောထဲ ကေအိုင်အေစခန်းရှိမယ်ထင်တဲ့ဘက်ကို မှန်းပြီး ပစ်တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မိုးညှင်းဒေသမှာ ဒီရက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက လူငယ်တွေကို အချိန်မတော် ဝင်ရောက်ဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးတော့ လမ်းသွားလမ်းလာနဲ့ ခရီးသွားလူငယ်တွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပုံတွေ တွေ့ရင် ဖမ်းဆီးတာမျိုးရှိတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် မိုးညှင်းမြို့နယ်မှာ လူပေါင်း ၁၀၀ လောက် ဖမ်းဆီးခံခဲ့ရပြီး အခုထိ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရပါတယ်။

1 week Ago
Up