စစ်ကောင်စီယာဉ်တန်း

February 1, 2023

မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မိုးမောက်-လွယ်ဂျယ် ကားလမ်း လောဒန်ကျေးရွာနဲ့ လောမွန်ကြားမှာ မိုးမောက်မြို့ကနေ တက်လာတဲ့ စက်ယန္တရားတင် စစ်ကောင်စီယာဉ်တန်း ဇန်နဝါရီ ၃၁ ရက် မနက် ၈ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်သူတွေကပြောပါတယ်။

စက်ယန္တရားတင်တဲ့ ကား ၄ စီးနဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ ကားယာဉ်တန်းဟာ မိုးမောက်မြို့ကနေ မနေ့မနက်ပိုင်းက တက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

“မနေ့ကတည်းကနေ တက်လာတာ ကားပေါ်မှာ ဘူဒိုဇာတွေတင်ထားတဲ့ ကားတန်း၊ အဲဒီမှာ စစ်သား(စကစ)တွေကော ပါတယ်။ အဲတာကို လောမွန်နဲ့ လောဒန်ကြားမှာ စစ်သားတွေပါတဲ့ ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်၊ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်တယ်၊ အတိအကျတော့ မသိရဘူး” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိုးမောက်မြို့ကနေ လွယ်ဂျယ်ကိုသွားတဲ့ ကားတွေကိုလည်း သွားလာခွင့်မပြုထားဘူးလို့ သိရပါတယ်။

လွယ်ဂျယ်ဘက်ကနေ မိုးမောက်မြို့ဘက်ကို အရပ်သားကား ၄ စီးနဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရရှိတဲ့ စစ်ကောင်စီတပ်သားတွေလို့ ယူဆရသူတွေကို ဗန်းမော်မြို့ကို သယ်ယူတာတွေလည်း တွေ့ရတယ်လို့ မြို့ခံတွေကနေတဆင့် သိရပါတယ်။

မိုးမောက်မြို့အထွက် လွယ်ဂျယ်ကာလမ်းပေါ်က ကျောက်စခန်းကျေးရွာနဲ့ တဂေါကျေးရွာ ပတ်ဝန်းကျင်တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေ လွန်ခဲ့တဲ့ ၂၈ ရက်နေ့ကတည်းက သွားလာလှုပ်ရှားနေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့အပတ်တုန်းကလည်း မိုးမောက်မြို့ပေါ်က ခလရ (၄၃၇) ကို မိုင်းတွေနဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့ပြီး မိုးမောက်မြို့နဲ့ လွယ်ဂျယ်-မိုးမောက်ကားလမ်းဟာ  တပ်မဟာ (၃)၊ တပ်ရင်း(၁၅)က ကချင်လွတ်မြောက်ရေးတပ်သားတွေ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။

5 days Ago

January 16, 2023

နတ်မောက်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ NUG ရဲ့ အမှတ်(၉၀၁) တပ်ရင်း(မြို့သစ်မြို့နယ်) ကနေ သိရပါတယ်။

နတ်မောက်မြို့နယ် ဖက်တောရေကျေးရွာတောင်ဘက်ကို ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ တယ်လို့ အမှတ် (၉၀၁) တပ်ရင်းရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံ ရဲနီသွေးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို အမှတ် (၉၀၁) တပ်ရင်း၊ တပ်ခွဲ (၁) ဂဠုန်တပ်ခွဲနဲ့ တပ်ခွဲ (၂) ကျားသစ်နက်တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ခုခံတာကြောင့် မိနစ် ၂၀ လောက် အပြန်လှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာအခြေနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မြို့သစ်မြို့နယ် အမှတ် ၉၀၁ တပ်ရင်းအနေနဲ့ စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ တိုက်ထုတ်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နီးတဲ့နေရာတွေကို လုံးဝမသွားကြဖို့ မေတ္တာရပ်ခံသတိပေးထားပါတယ်။

အဲဒီတိုက်ခံရတဲ့ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

နတ်မောက်မြို့နယ် ဖက်တောရေ ကျေးရွာနားမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီကားတစီးကို ဗိဿနိုး- PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၄ ယောက်သေဆုံး၊ ၄ ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

3 weeks Ago
More News
Up