စစ်ကောင်စီထုတ်အောင်စာရင်း

August 20, 2021

စစ်ကောင်စီထုတ်အောင်စာရင်း တရားမဝင်ကြောင်း မော်လမြိုင်တက္ကသိုလ်ကောင်စီ ကြေညာ

အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်လှစ်သင်ကြားခဲ့တဲ့ တက္ကသိုလ် အောင်စာရင်းတွေကို အသိအမှတ် မပြု‌ကြောင်း မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဆရာ၊ ဆရာမတွေကို စာမေးပွဲဖြေသူ အားလုံး မအောင်မနေရ စစ်ဆေးခိုင်းပြီးနောက် ဩဂုတ် ၁၈ ရက်နေ့မှာ အတန်းတွေရဲ့ တက္ကသိုလ် အောင်စာရင်းတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခု ထုတ်ပြန်ခဲ့တဲ့ အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖွင့်လှစ်သင်ကြား‌ ပေးခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေအတွက် ထုတ်ပြန်တဲ့ အောင်စာရင်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ ထုတ်ပြန်တဲ့ တက္ကသိုလ် အောင်စာရင်းတွေဟာ တရားမဝင်ကြောင်းနဲ့ လုံးဝ အသိအမှတ်မပြုဘူးလို့ မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့တာပါ။

မော်လမြိုင် တက္ကသိုလ်မှာတော့ စစ်ကောင်စီက ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အတန်းတွေကို တက်ရောက်သူ ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်ရှိပြီး အောင်စာရင်း ထုတ်ပြန်မှုအရ စာမေးပွဲ လာရောက်ဖြေဆိုသူ အားလုံး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး တက္ကသိုလ်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။

3 months Ago
Up