စစ်ကောင်စီတပ်ရင်း၅၈

August 4, 2021

စစ်ကောင်စီတပ်ရင်း ၅၈ ကို ကေအိုင်အေနှင့်ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်က စစ်ကောင်စီတပ်ရင်း (၅၈)ကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရင်း ၅၈ မှာ လက်နက်ကြီးသံနဲ့ သေနတ်ပစ်သံ​​တွေကို ည ၇ နာရီ​ခွဲအချိန်လောက်ကစပြီး ည ၁၁ နာရီကျော်ဝန်းကျင်ထိ ဆက်တိုက်ကြား​​နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ည ၇ နာရီကျော်လောက်ကတည်းက ဆက်တိုက်ပဲ ခုထိပစ်နေကြတုန်း။ မြို့ထဲက စစ်ကားတွေလည်း အဲ့ဘက်ကို သွားနေကြတာတွေ့တယ်။ ဒီတစ်ညလုံး ပစ်ကြမလား မသိဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံး ဒဏ်ရာရမှု အခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်၊

အဲ့ဒီတပ်စခန်းကို ဇူလိုင် ၂၉ ရက်နေ့ညကလည်း ​ကေအိုင်​​အေဘက်က သွား​ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့​တယ်လို့ သိရပါတယ်။

ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်ကိုလည်း စစ်ကောင်စီဘက်က ည ၁၂ နာရီဝန်းကျင်ထိ လက်နက်ကြီးနဲ့ ခြောက်ကြိမ်ထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“လက်နက်ကြီးက အရင်ကထက် အသံတော်တော်ကျယ်တယ်။ ဒီမှာ အကုန်လုံးလည်း လန့်နေကြပြီ။”  

‌ဝိုင်းမော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာတာကြောင့် လိုင်ဇာကို လက်နက်ကြီးနဲ့ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဝိုင်း​မော်မြို့  ၅၈ တပ်ရင်း မှာလည်း မနေ့ည၇ နာရီလောက်စပြီး ​လက်နက်ကြီးနဲ့ ​သေနတ်သံ​တွေ ကြား​နေရပြီး ​ရဟတ်ယာဥ် နှစ်စီးလည်း ပျံသန်း​နေ​တယ်လို့ ဒေသခံတွေက သိရပါတယ်။

4 months Ago
Up