စစ်ကောင်စီတပ်ဖွဲ့

June 24, 2022

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေ၊ ၈ ဦးထိခိုက်ဒဏ်ရာရဟု NUG ထုတ်ပြန်

ဇွန် ၂၃ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ မေ ၇ ရက်ကနေ ဇွန် ၆ ရက်အထိ တလတာကာလအတွင်း စစ်ကောင်စီဘက်က အယောက် ၂,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၁၀ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

5 days Ago

June 18, 2022

အလုံမြို့စားသောက်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အလုံမြို့ရှိ၊ ဆွယ်တော်ဦးစားသောက်ဆိုင်မှာ သောက်စားနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၁၇ ရက် မွန်းတည့် ၁၂ နာရီလောက်က လက်ပစ်ဗုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

အခုပစ်ခတ်တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ  MACT ထောက်ပို့တပ် မြို့ပြ UGခေါင်းဆောင် ဗိုလ်ချမ်းက “အခုလို မစ်ရှင်ပြုလုပ်နိုင်ဖို့ ၃ ရက်အချိန်ယူ စောင့်ကြည်တာတွေ လုပ်ခဲ့တယ်။ ကျနော်တို့က ဒီစစ်ဆင်ရေးကို ၅/ဇီးကွက်စစ်ဆင်ရေးလို့အမည်ပေးပြီး အလစ်ဝင်ပစ်ခတ်ခဲ့တာ။ ဒီနေ့ ၄ ရက်မြောက်နေ့မှာ မစ်ရှင်ကို အကောင်အထည်ဖော်ခဲ့ရတယ်။ ပထမကတော့ လုပ်ပြီး ပြေးရတာဆိုတော့ စခဘက်က ဘယ်နှစ်ယောက်ကျတယ်ဆိုတာမသိခဲ့ဘူး။ နောက်ပိုင်း အလုံမြို့ပေါ် ရပ်ကျေး ပအဖအဖွဲ့ဝင်တွေစီ စုံစမ်းတော့ ၁၅ ဦးကျတယ်လို သိရတယ်”လို့ ပြောပါတယ်။

အလုံမြို့ပေါ် ဆွယ်တော်ဦး စာသောက်ဆိုင် လက်ပစ်ဗုံးနဲ့အပစ်ခံရတဲ့သတင်းကို စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားတာ မရှိသေးသလို ပြည်သူကာကွယ်ရေးဘက်ကတော့ ၁၅ ဦး ကျဆုံး တယ်လို့ပြောဆိုပေမဲ့  သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အလုံမြို့နယ်ဟာ အနောက်မြောက်တိုင်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာဖြစ်ပြီး  အလုံတပ်မြို့တော်လို့လူသိများပါတယ်။ ဗုံးပေါက်ကွဲခဲ့တဲ့ စားသောက်ဆိုင်ကတော့ အလုံမြို့နယ်ရဲစခန်းနဲ့ အနီးဆုံးနေရာမှာရှိပါတယ် ။

“ပထမက လူသွားလူလာက ပုံမှန်အနေအထားပဲ။ အဲဒီထဲကနေ လူငယ်နှစ်ဦးလာပြီး လက်ပစ်ဗုံးနဲ့ ပစ်သွားတယ်။ အဲဒါလည်းဖြစ်ပြီးတော့ အသွားအလာတော့ကျဲသွားတယ်”လို့ စာသောက်ဆိုင်အနီး နေသူတစ်ဦးက ပြောပါတယ်။

ဆွယ်တော်ဦးစာသောက်ဆိုင်အတွင်းက စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲတဲ့အဖွဲ့ တွေဟာ MACT ထောက်ပို့တပ် မြို့ပြ UG ၊Monywa Nigtking၊ DRPAအဖွဲ့တို့ ပူးပေါင်လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

2 weeks Ago

တီးတိန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး၊ ၁၅ ဦးထက်မနည်း ဒဏ်ရာရ

ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ဇွန် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးကာ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ PDF-Zoland က သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၆ ရက်မှာ ကလေးမြို့ကနေ ကား ၁၇ စီး နဲ့ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ကြောင်း၊ ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲ လောက်မှာ တီးတိန်မြို့မရောက်ခင် Hawp နားမှာ စစ်ကောင်စီရှေ့ပြေးတပ်သားတွေနဲ့ PDF-Zoland၊CDM Siyin ပူပေါင်းတပ်ဖွဲ့တို့ ထိပ်တိုက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ PDF-Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်(...)တွေဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ သူတို့နားကို ကပ်လို့မရတာနဲ့ ကျွန်တော်တို့ ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဆုတ်ခွာခဲ့ ကြတယ်။အဲဒီ အကြမ်းဖက် စစ်(...)တွေဟာ မိုးချုပ်တဲ့ အထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်။”

စစ်ကောင်စီတပ်တွေဟာ  မေလအတွင်းကလည်း ချင်းပြည်နယ်ထဲက မင်းတပ်၊ မတူပီ ​မြို့နယ်တွေကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင် သေဆုံးဒဏ်ရာရသူအများအပြားနဲ့ အထိနာခဲ့တယ်လို့သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး ၁၅ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ PDF-Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ သေးပါဘူး။

2 weeks Ago
More News
Up