စစ်ကောင်စီတပ်စခန်း

November 23, 2021

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၁ ခုကို ကေအန်ယူတိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့တပ်စခန်းတခုကို  ကေအန်ယူ တပ်မဟာ ၁ လက်အောက်ခံ KNLA တပ်ရင်း ၃ က သွားရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦး ဒဏ်ရာရရှိပြီး မော်တော်ယာဥ်ရုံ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၇ (သိမ်ဇရပ်)တပ်စခန်းကို တပ်မဟာ ၁၊ KNLA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်တွေက အန်စီအေစာချုပ် ပါအချက်တွေကို ချိုး​ဖောက်ပြီးဝင်ရောက်လာသလို ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေး အကြိမ်ကြိမ်ချိုးဖောက်နေတဲ့အတွက် ဒေသခံတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ရတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်လောက်ဟာ နယ်မြေကျော်ဝင်ရောက်လာပြီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင်ပျက်စီးခဲ့တဲ့အပြင် ရွာသားတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သိမ်ဇရပ်တပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံရွာသားတစ်ဦးက"တပ်စခန်းမှာ ပစ်ခတ်သံတွေကြားပြီး တပ်က ၃ ယောက်ထိမှန်တယ်လို သိရတယ်။ တပ်က ကောင်တွေက ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာကလူတွေ ထွက်ပြေး​နေရတယ်။ အိမ်တွေ၊ စျေးဆိုင်တွေ ထိမှန် ပျက်စီးကုန်တယ်"လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၅ ရက်က ကျိုက်ထိုမြို့နယ်၊ မိုးဘောရွာဟောင်းနဲ့ မိုးဘောနတ်စင်ကြားမှာ  KNLA တပ်ရင်း ၃ နဲ့ စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံတပ်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ-FBR

6 days Ago

November 19, 2021

မိုးကုတ်တွင် စစ်ကောင်စီတပ်စခန်းနှင့် အချုပ်ထောင် တိုက်ခိုက်ခံရ၊ လူငယ် ၁ ဦးကို စစ်တပ်က ပစ်သတ်

မန္တ​လေးတိုင်း၊  မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီလောက်က စစ်ကောင်စီ တပ်စခန်းနဲ့ အချုပ်ထောင်အပြင် စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီး စစ်ကောင်စီ ဘက်က အထိခိုက်အကျဆုံးရှိနိုင်တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့က မြို့မရဲကင်း၊ တောင်ကချင်ရပ်ကွက်က အချုပ်ထောင်နဲ့ စစ်ကောင်စီတပ်ရဲ့ ငါးရံ့အင်းရှေ့တန်းတပ်စခန်းတွေအပြင် လျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုပါ  ပတ္တမြားမြေ PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

မိုးကုတ်အချုပ်​ထောင်ကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး၊ ငါးရံ့အင်းစခန်းနဲ့ EPC လျှပ်စစ်ရုံး ဝန်းအတွင်းကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက် ကျဆုံးအခြေအနေကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

"ညက သေနတ်တွေကဆက်တိုက်ပဲ ၊ ဗုံးပေါက်ကွဲသံတွေလည်း ကြားရတယ်။ ဘယ်နေရာတွေ ပစ်တယ်ဆိုတာကို အတိအကျမသိဘူး၊ နေရာအနှံ့ပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မှာ မနေ့ညက ပစ်ခတ်နေချိန် ဆင်တောင်ဘုန်းကြီးကျောင်းကနေ ထွက်ကြည့်မိတဲ့ လူငယ်တယောက်ကတော့  မင်းတံတားရပ်ကွက်က EPC ရုံးအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ စနိုက်ပါသမားပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။ 

အသက် ၂၀ အရွယ် မောင်ထက်ဝေယံ (ခ) မောင်သားထက်ဟာ  ရင်ဘတ်ကို သေနတ် ကျည်ဆန် ထိမှန်ကာ  သေဆုံးခဲ့တယ်လို့ သိရပါတယ်။

1 week Ago
More News
Up