စစ်ကောင်စီတပ်

October 25, 2021

မိုးကုတ်မြို့က NLD အမတ်များနေအိမ် ဝင်ရောက်ရှာဖွေခံရ၊ တူမနှင့်မြေးဖြစ်သူကို ဖမ်းဆီး

မန္တ​လေးတိုင်း မိုးကုတ်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော် နေအိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေကာ တူမနဲ့ မြေးဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်းနေအိမ်ပါ ရှာဖွေခံရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက "ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ငံကျော်အိမ်ကို ဝင်ရှာတာ၊ သူက ရှောင်နေတာကြာပြီ။ စကစက လူတွေ ဝင်ရှာချိန် သူ့တူမက ဖုန်းနဲ့ဓာတ်ပုံရိုက်တော့ ဖလပ်မီးပွင့်သွားတော့ တူမကော မြေးကိုကော ဖမ်းသွားတာ" လို့ ပြောပါတယ်။

မိုးကုတ်မြို့က ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်ရဲ့ တူမဖြစ်သူ မကံကြည်ကြည်နဲ့ မြေးဖြစ်သူ မောင်ရှိုင်းဝဏ္ဏတို့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းက တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်း နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ကြပြီး တိမ်းရှောင်နေတာကြောင့်  အဖမ်းမခံရဘူးလို့ သိရပါတယ်။

တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်းက ပထမတစ်ကြိမ် ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာခဲ့ပြီး​နောက် အခုနောက်တစ်ကြိမ် ပြန်ရှာဖွေခံရတာလို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၄ ရက်နေ့ညပိုင်းမှာ လက်နက်အင်အား လူအင်အားအပြည့်နဲ့ ကင်းလှည့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

18 hours Ago

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်‌ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်က ဒေသခံပြည်သူကာကွယ်‌ရေး ပူပေါင်းမဟာမိတ်တပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။‌

“ကျနော်တို့ မြောင်မြို့နယ် ကျေးရွာတိုင်းလိုလို ရှာဖွေတာတွေ၊ ဖျက်ဆီးတာတွေ နေ့တိုင်း လုပ်နေတာကြောင့်ရယ်၊ အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးပြီး ငွေတောင်းတာတွေ လုပ်နေတာကြောင့် အခုလို တိုက်ခိုက်ရတယ်ဗျ။ စစ်ကောင်စီဘက်ကတော့ ၂ ဦး သေဆုံးမယ်၊ ၄ ဦးထက်မနည်း ဒဏ်ရာရနိုင်မယ်ဗျ။ ကျနော်တို့ဘက်ကတော့ လည်ပင်းကို ရှပ်ထိဒဏ်ရာ ရသူတစ်ဦးရှိမယ်ပေါ့။ အသက်အန္တရာယ်အတွက်တော့ မစိုးရိမ်ရဘူးလို့ မြောင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ကိုတိုက်ဂါးက DVB ကို အတည်ပြုပြောဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း အင်အား ၁၅၀ လောက်နဲ့ နနွင်းကျေးရွာကို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးနေတာကြောင့် ရွာသားတွေ‌ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ 

အောက်တိုဘာ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ကြက်ခြံတွေကို မီးရှို့ခဲတယ်လို့ မြောင်ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ရွှေစာရေးကျေးရွာမှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ ညနေပိုင်း ချင်းတွင်းမြစ်ရေကြောင်းကနေ ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ဖမ်းဆီးသွားသူ ၄ ဦးထဲက ၁ ဦးပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ် သစ်တောစခန်းက သစ်တွေကို ဒေသခံ PDF က ယူဆောင်တယ်ဆိုပြီး တာဝန်ကျ တောခေါင်းနဲ့တောအုပ်က စစ်တပ်ကို တိုင်ကြားတာကြောင့် ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ပြန်မလွတ်လာတဲ့သူဟာ စစ်ကောင်စီက သတ်ပစ် အလောင်းဖျောက်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့သူ လေးယောက်ထဲက တစ်ယောက် ခြေသလုံးကျည်ထိမှန်နဲ့ ပြန်လွှတ်လိုက်တယ်ဗျ။ ကျန်နှစ်ယောက်ကတော့ အထိုးအကြိတ်ခံရပြီး ပြန်လွတ်လာတယ်ပေါ့။ နောက်တစ်ဦးကတော့ သေဆုံးတယ် ထင်တယ်ဗျ။ အခုအထိ မတွေ့ရသေးဘူး။ သေဆုံးအလောင်းလည်းမတွေ့ရဘူး။ တကယ်လို့ သေဆုံးတယ်ဆိုရင် စစ်ကောင်စီက အလောင်း‌ဖျောက်လိုက်တာပဲ ပြောရမယ်” လို့ ပြောပါတယ်။

ရွှေစာရေးကျေးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းက နေအိမ်တွေကိုလည်း ဖျက်ဆီးပြီး တန်ကြေးရှိပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

19 hours Ago

ဟုမ္မလင်းမြို့က CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေ က CDM ကျောင်းဆရာမတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက် လျှစ်စစ်ကုန်းက တိမ်းရှောင်နေတဲ့ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေ မနေ့ည ၇ နာရီခွဲလောက် လာရောက်ရှာဖွေပြီး မရီးဖြစ်သူကို ပစ်သတ်သွားတယ်လို့ ကာယကံရှင်က ပြောပါတယ်။

ကိုကျော်ဝင်းစိန်က “ဟုမ္မလင်းမြို့ရဲ့ ဒလန်အကြီးစား ပျူစောထီးခေါင်းဆောင် မောင်မော့စ်ကို အမည်မသိအဖွဲ့က သတ်တယ်ဆိုလားမသိဘူး၊ မောင်မော့စ်ဆိုတဲ့ကောင်ကို ကျနော်အပြင်မှာ ကောင်းကောင်းတောင် မမြင်ဖူးသလို အခင်းဖြစ်ပွားတဲ့ကိစ္စဟာလည်း ကျနော်နဲ့ပတ်သက်ခြင်း မရှိပါဘူး။ ပတ်သက်ခဲ့ရင်တောင် သတ်မယ့်သတ် ကျနော့်ကို သတ်ရမှာမဟုတ်ဘူးလား၊ အခု မဆိုင်တဲ့ ကျနော့်မရီးကို သေနတ်နဲ့ ၃ ချက်လောက် ပစ်သတ်သွားတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် သေဆုံးသူ မမေနှင်းအေးဟာ CDM ကျောင်းဆရာမဖြစ်ပြီး လက်ရှိမှာ တစ်နှစ်ကျော်သားလေး ကျန်ခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာမှာ အောက်တိုဘာ ၂၄ ရက် နေ့လယ် ၁  နာရီလောက်က ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မောင်မော့စ်ကို အမည်မသိ လူနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတာလို့ သိရပါတယ်။

19 hours Ago

October 24, 2021

ပုသိမ်တွင် သတင်းပေးတဦး အသတ်ခံရမှုနှင့်ပတ်သက်၍ လူငယ် ၃၀ ကျော် ဖမ်းဆီးရိုက်နှက်ခံရ

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့မနက်ပိုင်း စစ်တပ်အမာခံသတင်းပေး တဦး အသတ်ခံရပြီးနောက်ပိုင်း စစ်အုပ်စုက ဒေသခံလူငယ် ၃၀ ကျော်လောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

စစ်အုပ်စုသတင်းပေး အမျိုးသားတဦး ဘူတာဈေးမှာ ပစ်သတ်ခံရပြီးနောက်ပိုင်း ဈေးအတွင်းက လူငယ်အချို့နဲ့ ရပ်ကွက်နေ လူငယ်တွေကို စစ်အုပ်စုက PDF လို့ စွပ်စွဲကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“လုပ်တဲ့သူတွေလည်း သူတို့လုပ်တာလို့ ထုတ်ပြန်ထားတယ်။ အဲ့တာကို မဆိုင်တဲ့ လူငယ်လေးတွေကို လိုက်ဖမ်းတာ ခုဆို ၃၀ ကျော်လောက်ရှိပြီ။ တချို့လည်း ပြန်လွှတ်ပေးတယ်လို့ ကြားတယ်။ ပြန်လွတ်လာတာ ၅ ယောက်လောက်ရှိပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်တပ်အမာခံသတင်းပေး အမျိုးသား အသတ်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို ရဲစခန်းမှာ ရိုက်နှက်စစ်ဆေးတာတွေပြုလုပ်ပြီး အသက်မပြည့်သေးတဲ့ လူငယ်အချို့ကို ပိုက်ဆံတောင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရဲအသိုင်းဝိုင်းက သိရပါတယ်။ 

စစ်တပ်သတင်းပေးအမျိုးသားကို ရှင်းလင်းခဲ့တာဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ပုသိမ်မြို့မြို့ပြပြောက်ကျား တပ်ဖွဲ့က အဲ့နေ့မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက လူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ 

ပုသိမ်မြို့မှာတော့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့အတွက် အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ ဒလန်ရှင်းလင်းတာတွေနဲ့ စစ်အုပ်စုထောက်တိုင်နေရာတွေ ဗုံးပေါက်ကွဲတာ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

1 day Ago

မအူပင် EPC နှင့် ကညနရုံးရှေ့ ဗုံးပေါက်ကွဲ၊ ကန်ကြီးထောင့်၌ ရွာ ၁ ရွာကို စစ်တပ်က ငွေ ၃ သိန်း ဆက်ကြေးတောင်း

ဧရာ၀တီတိုင်း၊ မအူပင်မြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းက EPC ရုံးနဲ့ ကညန ရုံးရှေ့တွေမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

မအူပင်မြို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိန်းချုပ်ဖို့အတွက် စစ်အုပ်စု ပုဒ်မ ၁၄၄ ထုတ်ထားပေမဲ့ EPC ရုံးနဲ့ ခရိုင်ကညန ရုံးရှေ့တွေမှာ ဗုံးခွဲခဲ့တယ်လို့ မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက တာဝန်ရှိသူကပြောပါတယ်။ 

“ဒေသခံတွေကို အတင်းအကျပ် အခွန်ကောက်တာတွေ လုပ်နေလို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာပါ။ နောက်ဆိုရင်တော့ အပြင်မှာ မဖောက်တော့ဘူး။ ဒါ နောက်ဆုံးသတိပေးတဲ့အနေနဲ့ ခွဲတာ ဖြစ်တယ်”လို့ ပြောပါတယ်။

လုံခြုံရေးတိုးမြှင့်ထားတဲ့ ကြားထဲက ရုံးရှေ့တွေမှာ ဗုံးခွဲတာကို မအူပင်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မြစ်ဝကျွန်း ပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု ပူးပေါင်းပြီး ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ 

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလထဲမှာ ဗုံးပေါက်ကွဲခဲ့တာ ၁၀ ကြိမ်နီးပါး ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာအုပ်စုတိုင်း တရွာကို ငွေ ၃ သိန်း စစ်ကောင်စီက ကောက်ခံဖို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို အောက်တိုဘာလဆန်းပိုင်းက  မှာကြားထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက DVB ကိုပြောပါတယ်။   

“ရွာတိုင်းကို ကောက်ခိုင်းတာ၊ ဘာလုပ်ဖို့ဆိုတာ သေချာမပြောဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ တာဝန်ခံပြီး ကောက်ပေးရမယ် မပေးတဲ့အိမ်ကို စာရင်းပြန်တင်ပြရမယ်ပေါ့။ အဲဒါမျိုးကောက်ခံနေတာ” လို့ ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ်ထဲက ကျေးရွာတွေကို ကိုဗစ်ကာလမှာလည်း အောက်စီဂျင်စက်ရုံဆောက်ဖို့အတွက် တရွာကို ၁ သိန်းနှုန်းကောက်ခံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

ကန်ကြီးထောင့်မြို့နယ် စစ်ဆေးရေးဂိတ်တွေမှာလည်း ပိတ်ဆို့စစ်ဆေးပြီး ငွေကြေး တောင်းခံနေသလို ကုန်တင်ကားတွေကိုလည်း ဆက်ကြေးပုံစံ ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့ပြင် ကျေးရွာတွေကို စစ်ကြောင်းနဲ့ဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုဝ င်ရှာတဲ့အခါမှာလည်း အင်အားအများအပြားနဲ့ဝင်ရောက်ပြီး ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို လုယူသွားလေ့ရှိတယ်လို့ သိရပါတယ်။

2 days Ago

မြရည်နန္ဒာအိမ်ရာအတွင်း တခန်းဝင်တခန်းထွက် စစ်ကောင်စီတပ် စစ်ဆေး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအတွင်း အောက်တိုဘာ ၂၄ ရက် မနက် ၉ နာရီကျော်က စတင်ပြီး တခန်းဝင် တခန်းထွက် စစ်ဆေးနေတယ်လို့ သိရပါတယ်‌။

စစ်ကောင်စီ တပ်သားအင်အား အလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေစစ်ဆေးနေပြီး အပြင်မထွက်ဖို့နဲ့ အဝင်အထွက်တွေကိုလည်း ပိတ်ဆို့စစ်ဆေးနေတာလို့ ဆိုပါတယ်။

မြရည်နန္ဒာအိမ်ရာမှာ နေသူတစ်ဦးက “မနေ့က အိမ်ရာထိပ် ဘောလုံးကွင်းနားမှာ ပေါက်ကွဲမှုဖြစ်တော့ သူတို့လူတွေ ထိတယ်။ အဲဒါကြောင့်လား မသိဘူး၊ ဒီနေ့ တစ်ခန်းဝင် တစ်ခန်းထွက် အကုန်စစ်နေတာ” လို့ ပြောပါတယ်။

ဒါ့အပြင် လမ်းတွေလည်း ပိတ်ထားပြီး စစ်ဆေးတာတွေ လုပ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်း၊ ၁၁၇ လမ်းနဲ့  ၁၁၈ လမ်းကြားရှိ မြရည်နန္ဒာအားကစားကွင်းအတွင်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဝင်ပေါက်နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

2 days Ago

စစ်ကောင်စီနှင့် မြောင်မဟာမိတ် ၈ ဖွဲ့တိုက်ပွဲဖြစ်၊ ရွှေစာရေးရွာကို စစ်တပ်ဝင်စီးသဖြင့် လူ ၁၅၀၀ ခန့် ထွက်ပြေး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ကျေးရွာ-ဆွဲလဲအိုကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်ဖွဲ့ ၈ ဖွဲ့တို့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊ Myaung Special People’s Defense Force–MSPDF၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces၊ PDF–Taloke၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ မြောင်မြို့နယ် T.G.R - ပြည်သူ့ကာကွယ်ရေးတပ် နဲ့ Myingyan Ranger မဟာမိတ်တပ်ဖွဲ့ ၈ ဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မြောင်မြို့နယ်ကနေ ကျေးရွာတွေစီလာတဲ့ စစ်ကောင်စီ ကား ၃ စီးကို မဟာမိတ်အဖွဲ့တွေက မိုင်း ၆ လုံးဆွဲတိုကိခိုက်ခဲ့တာလို့ မြောင်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တိုက်ဂါးက ပြောပါတယ်။

“ကားလေး ၁ စီး နဲ့ ကားကြီး ၁ စီး ထိထိမိမိကို မိတယ်ဗျ။ ကျန် ၁ စီးကတော့ မိုင်းအဖျားခတ်သွားတယ်။ သေဆုံးမှုကတော့ ကျနော်တို့ဘက်က အကျဆုံးမရှိဘူးဗျ။ စစ်ကောင်စီဘက်က အနည်းဆုံး ၁၅ ယောက်ထက်မနည်း ကျဆုံးနိုင်တယ်ဗျ။ အဲကျဆုံးတဲ့အထဲမှာ သုံးပွင့်ဗိုလ် တစ်ယောက် ပါတယ်၊ မျက်မြင်သူတွေက ကျနော်တို့ကို ပြန်ပြောကြတယ်။”

အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ အနီးပတ်ဝန်းကျင်ကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်က မွေးမြူရေးကြက်ခြံ ၆ ခြံထက်မနည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်‌ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ရွှေစာရေးကျေးရွာကို စစ်ကောင်စီတပ်က အင်အားသုံးစီးနင်းဝင်ရောက်ရှာဖွေတာကြောင့် ဒေသခံ ၁၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရွှေစာရေးကျေးရွာကို အောက်တိုဘာ ၂၃ ရက်နေ့ ည ၆ နာရီလောက်မှာ စစ်ကောင်စီတပ် အင်အား ၁၅၀ လောက်က ချင်းတွင်းမြစ်အတွင်းကနေ အမြန်ရေယာဉ်တွေ အသုံးပြုပြီး ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

ရွေစာရေးကျေးရွာက ဒေသခံတစ်ဦးက “ည ၆ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်တွေက ရွေစာရေးရွာကို လက်နတ်ကြီးနှစ်ချက်ဖောက်ဝင်တယ်၊ လက်နက်ငယ်တွေ၊ အော်တိုသေနတ်တွေနဲ့ အကုန်ရမ်းပစ်တယ်။ ဘာတွေဖြစ်မလဲတော့ မသိရသေးဘူး။ ခြေဦးတည့်ရာ အကုန်ထွက်ပြေးရတယ်။ ဘာကြောင့် ဒီကောင်တွေလာကြတာလဲဆိုတော့ ကျနော်တို့ရွာက  သစ်တောကင်းစခန်းက သစ်တွေကို PDF တွေကယူတယ်ဆိုပြီး သစ်တောတာဝန်ကျတောအုပ်၊ တောခေါင်း ကျော်သူရနဲ့ ဘောလေး ဆိုသူက တိုင်လို့ အခုလိုလာတာ” လို့ ပြောပါတယ်။

တောခေါင်းဘောလေး ဆိုသူက ရွှေစာရေးကျေးရွာ အကုန်ပြာကျသွားမယ်ဆိုပြီး ကြုံးဝါးခဲ့ဖူးတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရွှေစာရေးကျေးရွာဟာ ဘုတလင်မြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်မှာတည်ရှိပြီး အိမ်ခြေ ၃၂၀ ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

2 days Ago

မအူပင် နှင့် ပုသိမ်တွင် EPC ရုံး၊ ဒလန်များ ဖောက်ခွဲရှင်းလင်းခံရသဖြင့် စစ်တပ်က လုံခြုံရေး တင်းကျပ်

ဧရာဝတီတိုင်း မအူပင်နဲ့ ပုသိမ်မြို့တို့မှာ EPC ရုံး ဗုံးခွဲခံရတာနဲ့ သတင်းပေး ဒလန်တွေ သုတ်သင်ခံနေရတာကြောင့် စစ်ကောင်စီတပ်က ရေပြင်မြေပြင်အလိုက် လုံခြုံရေးတင်းကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်မြို့ လျှပ်စစ်ဌာန EPC ရုံးအ၀င်အ၀မှာ မနေ့ည ၇ နာရီ၀န်းကျင်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မအူပင်​ဒေသခံတွေက ပြောပါတယ်။

EPC ဟာ အခုရက်ပိုင်းအတွင်း ပြည်သူတွေဆီက လျှပ်စစ်မီတာခ တောင်းခံတာတွေ အခုရက်ပိုင်း ပြုလုပ်​နေ​တာလို့ ဆိုပါတယ်။

မအူပင်မြို့ခံတစ်ဦးက “လျှပ်စစ်ရုံးရှေ့ ​ပေါက်တယ်ကြားတယ်၊ အဲဒီဘက်မှာရုံး​တွေများတယ်၊ ထိခိုက်တယ် မကြားဘူး။ အခု စစ်တပ်​နဲ့ရဲ​ရောက်လာပြီး စစ်ဆေးတာတွေ လုပ်​​နေတယ်” လို့ ​ပြောပါတယ်။

မအူပင်မြို့၊ ​အောက်တိုဘာ ၂၂ ရက်ညကလည်း စစ်ကောင်စီ သတင်း​ပေးဒလန် ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ဗုံးဖောက်ခွဲမှုနဲ့ ဒလန် သုတ်သင်ရှင်းလင်းတာ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ပုသိမ်မြို့မှာလည်း သတင်းပေးဒလန် ရှင်းလင်းခံရပြီး​နောက် အကြမ်းဖက်အာဏာသိမ်းအဖွဲ့က လုံခြုံ​ရေးအ​ကြောင်းပြ ရေပြင်မြေပြင် စစ်ဆေးတာနဲ့ ရပ်ကွက်တွေမှာ ဧည့်စာရင်း တင်းကျပ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပြည်သူကို ​ခြောက်မယ်၊ အခုဆို ဆိုင်ကယ်​တွေ အကုန်စစ်၊ ဒဏ်​ကြေး​ဆောင်တာ​တွေလည်း လုပ်​နေတယ်။ သူတို့က ပြည်သူကိုနှိပ်စက်တာကြောင့် မ​အေးချမ်းတာ​လေ။ သူတို့ ဥပ​ဒေမသိ လုပ်ချင်တာ လုပ်​နေတာ။” 

တပ်မတော်၊ ရဲတပ်ဖွဲ့တို့ဟာ မြို့အဝင်အထွက်စစ်ဆေးတာ၊ ငဝန်မြစ်ကြောင်းက ရေယာဉ်တွေကို ပိုက်စိပ်တိုက်ရှာဖွေတာ၊ လမ်းဆုံလမ်းခွတွေမှာ မော်တော်ယာဉ်တွေကို အားရပ်တန့်စစ်ဆေးတာတွေ တင်းကျပ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

​အောက်တိုဘာ ၁၉ ရက်​နေ့ကလည်း ပုသိမ်မြို့ထဲရှိ တာဝါတိုင် ဗုံးခွဲခံရသလို ​အောက်တိုဘာ ၂၀ ရက်​နေ့ကလည်း စစ်တပ်သတင်း​ပေးဒလန် ၁ ဦးအား Pathein Special Task Force က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

2 days Ago
More News
Up