စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်

August 16, 2021

ကုန်ဈေးနှုန်းများ ကျဆင်းမည်ဟု စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုသူပြော

စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုသူ ဦးလှစိုးက ကုန်စျေးနှုန်းတွေ ကျဆင်းဖို့ ပြည်တွင်းက ကုန်သည်အသင်းအဖွဲ့တွေနဲ့ ဆွေးနွေးဆောင်ရွက်နေတာကြောင့် ဗေဒင်ဟောကိန်း မဟုတ်ပေမဲ့ ရန်ကုန်တိုင်းအတွင်း ဆန်၊ ဆီ၊ ဆေး ကုန်စျေးနှုန်းတွေ ကျလိမ့်မယ်လို့ သူ့ရဲ့လူမူကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တဦးက ကုန်သည်တွေကို ဖိအားပေးပြီး ကုန်ဈေးနှုန်း ကျဆင်းဖို့ လုပ်ဆောင်တာက နည်းလမ်းဟောင်းတခုသာ ဖြစ်ပြီး ရေရှည်အတွက် ထိရောက်တဲ့နည်းလမ်း မဟုတ်ဘူးလို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“စစ်တပ်က အရင်တုန်းကလည်း အဲဒီလိုပဲ ဖြေရှင်းခဲ့တာ။ ကုန်စျေးနှုန်းတက်ပြီဆိုရင် ဝိသမ လောဘသမားတွေ ဆိုပြီးတော့ ကုန်သည်အကြီးကြီးတွေကို ဖမ်းပြ၊ အခြေခံကုန်ပစ္စည်းတချို့ကို အစိုးရက ရောင်းပေးတယ်ဆိုပြီးလုပ်၊ စသဖြင့် ဒါတွေ လုပ်ခဲ့တာ မဆန်းဘူး။ စစ်တပ်က အဲဒီပုံစံမျိုးအတိုင်းပဲ ကျင့်သုံးခဲ့တယ်။ အဲဒါတွေက မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး။ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင်တော့ ပိုပိုဆိုးလာဖို့ပဲရှိတယ်လို့ပဲ သုံးသပ်ပါတယ်။”

ဒါ့အပြင် နိုင်ငံရဲ့ လူမူစီးပွားရေးတွေက နိုင်ငံရေးအခြေအနေပေါ်မှာပဲ မူတည်နေတာဖြစ်လို့ နိုင်ငံရေးအရသာ အဖြေရှာသင့်တယ်လို့လည်း စီးပွားရေးပညာရှင်က ဆိုပါတယ်။

နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ရင် ကုန်စျေးနှုန်းမြင့်တက်တဲ့ ပြဿနာအပြင် ကျန်ပြဿနာတွေပါ ဖြေရှင်းရ ခက်ခဲမယ်လို့လည်း ပြောပါတယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ငွေသား မလည်ပတ်တာ၊ သယ်ယူစရိတ်တွေ မြင့်တက်တာနဲ့  ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပါတယ်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းကို ကုန်ပစ္စည်း ပုံမှန်ပြန်လည်ဝင်ရောက်မှု လျော့ကျနေပြီး  အခြေခံစားကုန်တွေအပြင်  လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေပါ စျေးမြင့်တက်နေပါတယ်။

4 months Ago
Up