စစ်ကောင်စီက ဖျက်သိမ်းပြီး

October 9, 2021

ကံပေါက်ရေပေးဝေရေးကော်မတီကို စစ်ကောင်စီက ဖျက်သိမ်းပြီး လူထုပိုင်ရန်ပုံငွေ ကျပ် သိန်း၁၇၀ ကျော်ကို အဓမ္မယူ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုမှာ စစ်ကောင်စီက ကံပေါက်ဒေသရေပေးဝေရေးကော်မတီကို အဓမ္မဖျက်သိမ်းပြီးနောက် ပြည်သူပိုင်ရန်ပုံငွေ ကျပ် သိန်း ၁၇၀ ကျော်နဲ့ အမှိုက်သိမ်းယာဉ် ၁ စီးတို့ကို စစ်ကောင်စီက လုယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူထုဦး‌ဆောင်ဖွဲ့စည်းထားတဲ့ ကံပေါက်ဒေသရေပေးဝေရေးကော်မတီဟာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုပြီး ‌‌စစ်ကောင်စီက  အောက်တိုဘာ ၅ ရက်နေ့မှာ ကော်မတီကို အဓမ္မဖျက်သိမ်းခဲ့သလို လူထုပိုင် ရန်ပုံငွေတွေကိုလည်း လုယူသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

လူထုပိုင်ရန်ပုံငွေ ကျပ် ၁၄၃ သိန်းကျော်ရှိတဲ့ ဘဏ်ငွေစာရင်းစာအုပ်နဲ့ ငွေသား ကျပ် ၃၅ သိန်းကျော်ကိုလည်း ကံပေါက်ဒေသခံ တပ်ရင်းအမှတ် (၂၇၃) တပ်ရဲ့ ဗိုလ်မှူးဆိုသူအပါအ၀င် ကံပေါက်စခန်းမှူး၊ စရဖ သန်းရှိန်နဲ့ စကစခန့် ရပ်ကျေးဥက္ကဋ္ဌတို့က အတင်းအဓမ္မ  လုယူသွားတယ်လို့ ဒေသခံပြည်သူတွေက ဒီဗွီဘီကိုပြောပါတယ်။

“သူတို့လူတွေကို ကော်မတီထဲထည့်ပြီး ကော်မတီကို အသစ်ပြန်ဖွဲ့ဖို့ အမိန့်ပေးတယ်။ ကော်မတီက လက်မခံလို့ ကော်မတီကို အဓမ္မ အာဏာသိမ်းလိုက်တာ”လို့ ကံပေါက်ဒေသခံတစ်ဦးက ပြောပါတယ်။

ကံပေါက်‌လူထုဟာ ရေပေးဝေရေးလုပ်ငန်းအတွက် ရန်ပုံ‌ငွေမတည်ကာ ကံပေါက်ဒေသ ရေပေးဝေရေးကော်မတီကို  ၂၀၁၈ နှစ်ဆန်းပိုင်းက စတင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အလားတူ ကံပေါက်ပြည်သူပိုင် "ဗိုလ်အောင်ဒင်" အမည်ရှိစည်ပင်သာယာရေး အမှိုက်သိမ်းယာဥ်တစီးကို လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၇  ရက်မှာ သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါအမှိုက်သိမ်းယာဉ်ဟာ ရပ်ရွာစည်ပင်သာရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြည်သူပိုင်ငွေတွေနဲ့ ၀ယ်ယူထားတာဖြစ်ပါတယ်။

"အခုတော့ ပြည်သူတွေရဲ့ ကားရော၊ ရန်ပုံငွေတွေ ရော တစ်ပြားမှမကျန်တော့ဘူး။ အကုန်လုယက်ခံလိုက်ရပြီ" လို့ကံပေါက်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ အာဏာသိမ်းပြီးနောက် ကံပေါက်ဒေသရှိ ပြည်သူပိုင်ဆိုင်ကယ် အမျိုးမျိုး စီး‌ရေ ၁၀၀  ကျော်ကိုလည်း အတင်းအဓမ္မ သိမ်းယူခဲ့ပြီး အဆိုပါ  ဆိုင်ကယ်အမျိုးမျိုးရဲ့ ကာလတန်ဖိုးအရ တစ်စီးလျှင် အမျိုးအစားကိုလိုက်ပြီး ကျပ် ၁၀ သိန်းမှ သိန်း ၃၀ကျော်အထိ ပေါက်ဈေးရှိတာ ဖြစ်ပါတယ်။

1 year Ago
Up